တစ်နှစ်လျှင် ဒေါ်လာသုံးဘီလျံခန့် ဈေးကွက်ရှိနေသည့် မြန်မာနိုင်ငံကို စက်သုံးဆီရောင်းချနိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော်ပိုက်လိုင်း သွယ်တန်းရန် အိန္ဒိယအဆိုပြု

တစ်နှစ်လျှင် ဒေါ်လာသုံးဘီလျံခန့် ဈေးကွက်ရှိနေသည့် မြန်မာနိုင်ငံကို စက်သုံးဆီရောင်းချနိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော်ပိုက်လိုင်း သွယ်တန်းရန် အိန္ဒိယအဆိုပြု
Published 25 March 2018

တနင်္သာရီတိုင်းဒေသကြီးရှိ မြန်မာ-ထိုင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

တစ်နှစ်လျှင် ဒေါ်လာသုံးဘီလျံခန့် ဈေးကွက်ရှိနေသည့် မြန်မာနိုင်ငံကို စက်သုံးဆီရောင်းချနိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော် ပိုက်လိုင်းသွယ်တန်းနိုင်ရန် အိန္ဒိယအစိုးရက မြန်မာအစိုးရအား အဆိုပြုထားကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အိန္ဒိယ အရှေ့ဘက်ကမ်းရိုးတန်းမှတစ်ဆင့် ပိုက်လိုင်းသွယ်တန်းရန် မြန်မာနိုင်ငံကို ကမ်းလှမ်းထားခြင်းဖြစ်ပြီး ပိုက်လိုင်းဖြင့် ရေနံထွက်ကုန် (ဒီဇယ်ဆီအဓိက) များကို တင်ပို့ရောင်းချနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း မြန်မာဘက်မှ တာဝန်ရှိသူက ပြောကြားသည်။

“ကျွန်တော်တို့ဆီမှာ တရုတ်နဲ့ ထိုင်းနိုင်ငံတို့နဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းပြီးဖြစ်သလို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့နဲ့လည်း ပိုက်လိုင်းသွယ်တန်းဖို့ စဉ်းစားနေပါတယ်။ ဒါက ရေနံထွက်ကုန်တွေ တင်သွင်းဖို့အတွက် ညှိနှိုင်းနေဆဲအဆင့် ဖြစ်ပါတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်အောင်က OTC Asia Conference တွင် ပြောကြားသည်။

အဆိုပါကိစ္စ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံလုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ဖွဲ့စည်းထားပြီး လုံခြုံရေး၊ မြေနေရာ၊ ရေနံထွက်ကုန်သိုလှောင်ရေး၊ ဈေးနှုန်းသတ်မှတ်ရေးနှင့် တင်သွင်းမည့်စက်သုံးဆီ စံချိန်စံညွှန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစက်သုံးဆီ ထုတ်လုပ်မှုမှာ တစ်နေ့စည် ၁၂၀၀၀ ဝန်း ကျင်သာရှိခြင်းကြောင့် နေ့စဉ် ဒီဇယ်ဆီနှင့် ဓာတ်ဆီ စည် ၁၀၀၀၀၀ ဝန်းကျင်တင်သွင်းနေရပြီး  စင်ကာပူနိုင်ငံမှ အဓိကတင်သွင်းနေခြင်းဖြစ်သည်ဟု ဦးဇော်အောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံများ တည်ဆောက်ရန်အတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို မြန်မာအစိုးရက ဖိတ်ခေါ်နေသော်လည်း မြေဈေးကြီးမြင့်မှုက အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ထုတ်ပြန်ခဲ့သည့် ကုန်သွယ်မှုစာရင်းအရ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ၁၀ လအတွင်း မြန်မာနိုင်ငံသို့ ပြည်ပမှ စက်သုံးဆီတင်သွင်းမှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၃ ဘီလျံကျော်အထိရှိပြီး  ယခင်ဘဏ္ဍာနှစ်ကာလတူထက် တန်ဖိုးဒေါ်လာသန်း ၉၇၀ ကျော်အထိ ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါတင်သွင်းမှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၄ ဘီလျံအနက် ဒီဇယ်ဆီတင်သွင်းမှုသည် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၃၁ သန်း၊ ဓာတ်ဆီတင်သွင်းမှုသည် ဒေါ်လာ ၈၅၁ သန်းရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၄၃ သန်း အထိ ပိုမိုတင်သွင်းထားခြင်း ဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံ၏ စက်သုံးဆီတင်သွင်းမှုသည် ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ အဓိကဖြစ်ပြီး လက်ရှိအချိန်တွင် ပျမ်းမျှအားဖြင့် အပတ်စဉ် စက်သုံးဆီစည်ပေါင်း  ၈၀၀၀၀၀ ကျော်တင်သွင်းနေခြင်း ဖြစ်သည်။ ပြီးခဲ့သည့် မတ် ၄ ရက်မှ ၁၀ ရက်အထိ စက်သုံးဆီ စည်ပေါင်း ၈၃၇၀၀၀ ကျော်တင်သွင်းခဲ့ပြီး ဒေါ်လာ ၂၅၇ သန်းကျော်တန်ဖိုးရှိ ဓာတ်ဆီစည်ပေါင်း ၃၂၆၀၀၀ ကျော်နှင့် ဒေါ်လာ ၄၁၁ သန်းကျော်တန်ဖိုးရှိ ဒီဇယ်ဆီ စည်ပေါင်း ၅၁၁၀၀၀ ကျော် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။