သင်္ဘောသားလောကအတွင်း အကျင့်ပျက် ခြစားမှုများအကြောင်း သြင်္ကန်သံချပ်ရေးသားကာ မကြာမီ ရက်ပိုင်းအတွင်း အွန်လိုင်းတွင် ဖြန့်ဝေမည်

သင်္ဘောသားလောကအတွင်း အကျင့်ပျက် ခြစားမှုများအကြောင်း သြင်္ကန်သံချပ်ရေးသားကာ မကြာမီ ရက်ပိုင်းအတွင်း အွန်လိုင်းတွင် ဖြန့်ဝေမည်
Published 24 March 2018

မြန်မာ့ပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ်မှ ဦးဆောင်၍ သင်္ဘောသားလောကအတွင်း ကြုံတွေ့နေရသည့် အခက်အခဲများအား ဖော်ကျူးထားသည့် စာသားများပါဝင်သော သြင်္ကန်သံချပ်အား MTV ရိုက်ကူးနေပြီး မကြာမီ ရက်ပိုင်းအတွင်း အွန်လိုင်း၌ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ယင်းအလုပ်သမားများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက မတ် ၂၃ ရက်တွင် ပြောကြားသည်။

ယင်းသြင်္ကန်သံချပ် MTV ရိုက်ကူးမှု အား မတ် ၂၃ ရက် က မြောက်ဒဂုံမြို့နယ်ရှိ ယောက်ကော် ဘုရားဝင်းရှိ တန်ဆောင်းတွင် မြန်မာ့ပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သြင်္ကန်သံချပ်တိုက် လေ့ကျင့်မှုတွင် မြန်မာ့ပင်လယ်ရေကြောင်း လောကအတွင်း ဖြစ်ပေါ်နေသည့် အကျင့်ပျက်ခြစားမှုများအား ပေါ်လွင်စေသည့် စာသားများ ပါဝင်ကြောင်း မြန်မာ့ပင်လယ်ရေကြောင်း အလုပ်သမားများ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဒီသြင်္ကန်သံချပ်မှာ မြန်မာ့ပင်လယ်ရေကြောင်း လောကမှာ ဖြစ်ပေါ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ သင်္ဘောသားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖော်ပြထားတာပါ။ ဒီနေ့ကတော့ သံချပ်ကို အမ်တီဗီရိုက်တာပါ။ သြင်္ကန်ကျရင်တော့ သံချပ်ထွက်ဖို့ မရှိပါဘူး။ ဘာလို့ဆို ကျွန်တော်တို့အဖွဲ့က လူတွေက သြင်္ကန်ဆို သင်္ဘောလိုက်မယ့် လူတွေနဲ့မို့ပါ။ ဒီသံချပ် အမ်တီဗီကို အင်တာနက် အွန်လိုင်းကနေ ဖြန့်ချိမှာပါ” ဟု မြန်မာ့ပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့သံချပ်က သင်္ဘောသားလောကမှာ ပထမဆုံးပါ။ ရည်ရွယ်ချက်က ကျွန်တော်တို့ လောကမှာ ကြုံတွေ့နေရတဲ့ ခံစားနေရတဲ့ဟာကို ထုတ်ဖော်တာပါ။ ကျေလည်း ကျေနပ်ပါတယ်။ ကျွန်တော် အမြဲပြောပါတယ်။ ကျွန်တော်တို့ဆီက လူကြီးတွေက တာဝန်ယူမှု တာဝန်ခံမှုမရှိဘူး။ အဲလိုခံစားရတယ်။ နောင်လည်း လုပ်ဦးမှာပါ။ နောက်နှစ်ဆို တစ်ခန်းရပ် ပြဇာတ်တွေ လာချင်လာမှာပါ။ မနှစ်ကတော့ ဆူးလေမှာ သင်္ဘောသားလောက ပြုပြင်ပြောင်းလဲရေး ဆန္ဒပြဖူးပါတယ်။ ဒီသံချပ်နဲ့ ပတ်သက်ပြီး စာသားတွေက မဟုတ်တာ မပါဘူး။ အဲဒီအတွက်နဲ့ မခံနိုင်သူတွေက တရားစွဲဆိုမှုတွေ ရှိလာရင် ဥပဒေကြောင်းအရ ပြန်လည်ခုခံ ဖြေရှင်းမှာပါ” ဟု အဆိုပါ အဖွဲ့ချုပ်မှ လူငယ်ကော်မတီ စည်းရုံးရေးမှူး  ကိုလင်းထက်အောင်က ပြောကြားသည်။

သံချပ်စာသားများတွင် “ဖြတ်စား၊ ရိုက်စားလုပ်သူများ ပပျောက်ကြပါစေ။ သြင်္ကန်ကျတော့ ရေလောင်းမယ်၊ DMA မှာ ရေမလောင်းပါ။ ရေလောင်းရင်တော့ နေကောင်းတယ်။ ကန်တော့ ကြေးလေးတော့ ထည့်ခဲ့ပါ။ စာအိတ်လေးတော့ ထူစေချင်” စသည့် စာသားများ ပါဝင်သည်။