ဒိုက်ဦးမြို့နယ် သပြေတန်းကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ပြန်လည်ခန့်အပ် ပေးရေးအတွက် လူအင်အား ၆၀၀ ခန့် ပဲခူးမြို့၌ ဆန္ဒထုတ်ဖော်

ဒိုက်ဦးမြို့နယ် သပြေတန်းကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ပြန်လည်ခန့်အပ် ပေးရေးအတွက် လူအင်အား ၆၀၀ ခန့် ပဲခူးမြို့၌ ဆန္ဒထုတ်ဖော်
Published 24 March 2018

ဒိုက်ဦးမြို့နယ် သပြေတန်းကျေးရွာ အုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ပြန်လည်ခန့်အပ်ပေးရေး အတွက် ပဲခူးမြို့၌ ဆန္ဒထုတ်ဖော်နေစဉ်

ဒိုက်ဦးမြို့နယ် သပြေတန်းကျေးရွာအုပ်စုတွင် ပြည်သူနှစ်သက်သော ကျေးရွာအုပ်ချုပ်ရေးမှူးအား ပြန်လည် ခန့်အပ်ပေးရေးအတွက် သပြေတန်းကျေးရွာအုပ်စုမှ ရွာသူရွာသား ၆၀၀ ခန့်က ပဲခူးမြို့သို့ မတ် ၂၃ ရက်တွင် တက်ရောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမြန်လမ်းမကြီး မိုင်တိုင် ၆၅ နှင့် ၆၆ အနီးရှိ သပြေတန်း ကျေးရွာအုပ်စု ၂၂ ရွာတွင် ၂၀၁၅ ခုနှစ်မှစတင်၍ သပြေတန်းကျေးရွာအုပ်စု၏ ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သော ဦးအောင်စိုးအား ရွာသူရွာသားများက ၂၀၁၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ပြန်လည်ရွေးချယ်သော ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင်လည်း ပြန်လည်တင်မြှောက်ရန် အဆင့်ဆင့် ရွေးချယ်ခဲ့ကြသည်။

သို့သော် သပြေတန်းကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ကြီးကြပ်သော ရပ်မိရပ်ဖ ငါးဦးတွင် နှစ်ဦးက ဦးအောင်စိုးသည် ကျေးရွာနှင့် သက်ဆိုင်သော ငွေကြေးပြဿနာများ ရှိခဲ့သည်ဟုဆိုကာ ကန့်ကွက်ခဲ့ပြီး ဝန်ကြီးချုပ်ထံမှ တားမြစ်စာ ပို့ထားသည်ဟု ဆိုသည်။ ထိုကဲ့သို့ ရပ်မိရပ်ဖ ကြီးကြပ်ရေးမှူး နှစ်ဦးက ကန့်ကွက်ပြီး ဝန်ကြီးချုပ်၏ တားမြစ်စာထုတ်သည်ကို ကျေနပ်ခြင်းမရှိ၍ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်စိုးအား ပြန်လည်ခန့်အပ်နိုင်ရေးအတွက် ဒိုက်ဦးမြို့တွင်လည်း ပထမအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ သပြေတန်းကျေးရွာအုပ်စုမှာ ၂၀၁၅ တည်းက ဦးအောင်စိုးက အုပ်ချုပ်ရေးမှူးဟောင်းပါ။ ၂၀၁၈ မှာလည်း ရွာသားတွေက သူ့ကိုအုပ်ချုပ်ရေးမှူး တင်မြှောက်မလို့၊ ဆယ်အိမ်မှူးကနေ ရာအိမ်မှူးအဆင့်ထိ ရွေးချယ်ထားပါတယ်။ ဒီရာအိမ်မှူးထဲကနေမှ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးရမှာ၊ ဒါကို အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ကြီးကြပ်တဲ့ ရပ်မိရပ်ဖ ငါးဦးထဲက ဦးတင်မောင်နဲ့ ဦးသန်းဦးတို့နှစ်ဦးက ဝန်ကြီးက စာပို့ပြီး တားထားတယ်ဆိုပြီး ကန့်ကွက်တယ်။ ဝင်ပြီး ရွေးချယ်ခွင့် မပြုဘူး။ ဒါကို ကျွန်တော်တို့က မကျေနပ်လို့ ဆန္ဒထုတ်ဖော်တာပါ။ ကျွန်တော်တို့ လူကြီးက ကျေးရွာအုပ်စုအပေါ်မှာ အနစ်နာခံခဲ့တာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီလောက်ကောင်းခဲ့တဲ့ အုပ်ချုပ်ရေးမှူး ထပ်ရှိလာမှာ မဟုတ်လို့ သူ့ကိုပဲ ရွာသားတွေက နှစ်သက်တာပါ” ဟု ဦးဆောင်ဆန္ဒထုတ်ဖော်သူ ကျေးရွာသားတစ်ဦးက ဆိုသည်။