ရခိုင်ပြည်နယ် အမ်းမြို့တွင် ရေနံပိုက်လိုင်းနှင့် ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ တစ်လျှောက်ရှိ လယ်ယာမြေများအတွက် လျော်ကြေးမရရှိသည့်ကိစ္စနှင့်ပတ်သက်၍ ဒေသခံ ၅၀၀ ခန့် ဆန္ဒထုတ်ဖော်

ရခိုင်ပြည်နယ် အမ်းမြို့တွင် ရေနံပိုက်လိုင်းနှင့် ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ တစ်လျှောက်ရှိ လယ်ယာမြေများအတွက် လျော်ကြေးမရရှိသည့်ကိစ္စနှင့်ပတ်သက်၍ ဒေသခံ ၅၀၀ ခန့် ဆန္ဒထုတ်ဖော်
Published 23 March 2018

အမ်းမြို့တွင် ရေနံပိုက်လိုင်းနှင့်ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာတစ်လျှောက် လယ်ယာမြေများ လျော်ကြေးမရရှိ၍ ဒေသခံ ၅၀၀ ခန့် ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ- ကိုမျိုးလွင်)

ရခိုင်ပြည်နယ် အမ်းမြို့တွင် ရေနံပိုက်လိုင်းနှင့် ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ နေရာတစ်လျှောက်ရှိ လယ်ယာမြေများအတွက် လျော်ကြေးမရရှိသည့် ကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အမ်းမြို့တွင်ဒေသခံ ၅၀၀ ခန့် မတ် ၂၂ ရက် မွန်းလွဲပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်အတွင်း ရေနံနှင့်ဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းခြင်းကြောင့် ပျက်စီးသွားသော လယ်ယာမြေများနှင့် ဥယျာဉ်ခြံမြေဧကပေါင်း ၁၆၀၀ ကျော်ရှိကြောင်းနှင့် ယင်းတို့အတွက် နစ်နာကြေးပေးရန်သဘော တူညီမှုများ ရရှိခဲ့သော်လည်း ယနေ့တိုင်အောင် နစ်နာကြေးမရရှိသေးသည့်အပြင် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည့်အတွက် ဆက်လက်ပြီး သပိတ်စခန်း ဖွင့်လှစ်သွားရန်ရှိကြောင်း ဒေသခံများက ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ကိုမျိုးလွင်က “အမ်းမြို့နယ်က တောင်သူတွေကို ပိုက်လိုင်းအတွက် လျော်ကြေးပေးဖို့ ပြည်နယ်အစိုးရကဆုံးဖြတ်ထားပြီး ဖြစ်တယ်။ အဲဒီဆုံးဖြတ်ချက်ကို ခရိုင်အုပ်ချုပ်ရေးမှူးကို လိပ်မူပြီးတင်ပြထားတာလည်း ရှိတယ်။ အဲဒီကတစ်ဆင့် မြို့နယ်ကို တင်ပြထားပြီး မြို့နယ်က MOGE နဲ့ CNPC တို့ကို အကြောင်းကြားထားပေမယ့် ဒီနေ့အထိ ဒေသခံတွေနဲ့ပူးပေါင်းဆောင်ရွက်မှု မရှိဘူး။ အဲဒါကြောင့် ဆန္ဒပြရတာ ဖြစ်ပါတယ်။ တောင်သူ တစ်ထောင်ကျော်ရဲ့ လယ်မြေတွေပါဝင်နေတယ်။ ဥယျာဉ်ခြံမြေ၊ လယ်ယာမြေနဲ့ကိုင်းမြေတွေ ပါဝင်တယ်” ဟု ပြောကြားသည်။

MOGE နဲ့ CNPC တို့အနေဖြင့် ၂၂ ရက်မှစပြီး ၁၀ ရက်အတွင်း ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက အမ်းမြို့နယ်အမ်းတောင်အုပ်စုရှိ ပိုက်လိုင်းစခန်းတွင် သပိတ်စခန်းဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရခိုင်၊ ချင်း၊ ဗမာအစရှိသော လူမျိုးသုံးမျိုးက ရိုးရာယဉ်ကျေးမှုအရ ကျိန်စာတိုက်သွားမည်ဖြစ်ကြောင်းနှင့် သဘောထား ကြေညာချက်ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

“ဆန္ဒထုတ်ဖော်တာကတော့ လူငါးရာလောက် ရောက်တယ်။ ကျန်တဲ့လူတွေက ခရီးဝေးကနေ ကုန်းတစ်တန် ရေတစ်တန် လာရတာဆိုတော့ သတ်မှတ်ထားတဲ့အချိန် မီအောင်မရောက်နိုင်ခဲ့ဘူး။ အဓိကပြောချင် တာကတော့ MOGE နဲ့ CNPC တို့အနေနဲ့ ဒေသခံတွေကို အလေးမထားဘူးဆိုရင် ဒေသခံတွေနဲ့ ပြဿနာတက်နိုင်တယ်ပေါ့။ လျော်ကြေးပေးရမယ့်တာဝန်က သူတို့မှာ ရှိတယ်။ ကွင်းဆင်းစစ်ဆေးမှုတွေလည်း အကြိမ်ကြိမ်လုပ်ထားပြီး ဖြစ်တယ်။ ဒါကို သူတို့က အလေးမထားတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရတာ ဖြစ်ပါတယ်“ ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် ဦးတင်ဝင်းက ပြောကြားသည်။

ဆန္ဒထုတ်ဖော်ရာတွင်လည်း MOGE အလိုမရှိ အလိုမရှိ၊ CNPC အလိုမရှိ အလို မရှိ ၊ ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာသည့် ဒေသခံတောင်သူများ၏ နစ်နာကြေး အပြည့်အဝရရှိရေး ဆောင်ရွက်ပေးဆောင်ရွက်ပေး၊ အစရှိသော ကြွေးကြော်သံများကိုလည်း ပိုစတာများကိုင်ဆောင်ပြီး လမ်းလျှောက်ကြွေးကြော်ခဲ့သည်။

Most Read

Most Recent