အစိုးရလျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲခံထားရသည့် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး၏အမှု တရားလိုပြသက်သေနှစ်ဦး ဆက်လက်စစ်ဆေး

အစိုးရလျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲခံထားရသည့် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး၏အမှု တရားလိုပြသက်သေနှစ်ဦး ဆက်လက်စစ်ဆေး
Published 22 March 2018

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံး (ခ) သက်ဦးမောင်နှင့် ကိုကျော်စိုးဦး (ခ) ကိုမိုးအောင်တို့နှစ်ဦးကို မတ် ၂၁ ရက်က မြောက်ပိုင်းခရိုင်တရားရုံးတွင် ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါရုံးချိန်းတွင် အမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေများအဖြစ် သတင်းထောက် ကိုဝလုံး၏နေအိမ်ကို ဝင်ရောက်ရှာဖွေစဉ်က ပစ္စည်းများအပ်နှံပေးခဲ့သည့် ကိုဝလုံး၏ညီဖြစ်သူ ကိုသူရအောင်နှင့် ကိုကျော်စိုးဦးတို့ တည်းခိုခဲ့သည့် ဟိုတယ်အား သွားရောက်ရှာဖွေခဲ့သည့် ဦးပြေငြိမ်းတို့နှစ်ဦးကို စစ်ဆေးခဲ့သည်။

“ဒီနေ့တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေးတယ်။ တစ်ယောက်ကိုဝလုံးရဲ့ညီဖြစ်တဲ့ သူရအောင်၊ နောက်တစ်ယောက်က ရှာဖွေသက်သေဦးပြေငြိမ်း။ ကိုဝလုံးရဲ့ ညီဖြစ်သူကိုသူရအောင်ကတော့ အိမ်မှာဘယ်ပစ္စည်းတွေကို ဘယ်လိုသိမ်းသွားတယ်ဆိုတဲ့အကြောင်းတွေ၊ အစ်ကိုဖြစ်သူရဲ့ စာရိတ္တနဲ့ပတ်သက်ပြီး လူမှုရေးကိစ္စတွေလုပ်တယ်။ အကျင့်စာရိတ္တကောင်းမွန်တယ်ဆိုတဲ့ အကြောင်းတွေကို ထွက်ဆိုသွားတယ်။ သက်သေ ဦးပြေငြိမ်းတော့ ကိုကျော်စိုးဦး တည်းခိုတဲ့ဟိုတယ်မှာ ဘယ်ပစ္စည်းတွေကို ဘယ်လိုသိမ်းဆည်းခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေကို ထွက်ဆိုသွားခဲ့တယ်” ဟု တရားစွဲခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦး၏ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ရုံးချိန်းအပြီးတွင် သတင်းထောက်များအား ပြောကြားသည်။

အကျဉ်းထောင်များတွင် လူ့အခွင့်အရေးနှင့်မညီသည့် ဖြစ်ရပ်များရှိကြောင်း တရားစွဲခံရသည့် ကိုဝလုံးက ပြောကြားသည်။

“အကျဉ်းထောင်ထဲမှာ လူတွေပြည့်နေတယ်။ ဒါက မဖြစ်သင့်ဘူး။ ရာဇဝတ်မှုနဲ့ကျတဲ့ အကျဉ်းသားတွေဆိုရင် ညဘက်မှာ တစ်ယောက်ပဲနေလို့ရတဲ့ အခန်းထဲမှာ ရှစ်ယောက်လောက်နေကြရတယ်။ အိမ်သာရေသုံးဖို့ အခက်အခဲတွေရှိတယ်။ အိပ်ရင်လည်း စောင်တွေ၊ ခြင်ထောင်တွေမရှိဘူး။ ဒီအတိုင်း ကြမ်းပြင်မှာဖြစ်သလို အိပ်နေကြရတယ်။ ဒီကိစ္စတွေက လူ့အခွင့်အရေးနဲ့မညီဘူး။ ဒီကိစ္စကိုအစိုးရအနေနဲ့ ဂရုစိုက်ပေးဖို့လိုအပ်တယ်။ အိုင်စီအာစီအနေနဲ့လည်း လာရောက်ကူညီပေးဖို့ တောင်းဆိုချင်တယ်” ဟု တရားစွဲခံထားရသည့် သတင်းထောက်ကိုဝလုံးက ပြောကြားသည်။

ထို့နောက် တရားရုံးမှ ရုံးချိန်းကို မတ် ၂၈ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး တရားလိုပြသက်သေများအား ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ရိုက်တာသတင်းဌာန၏ မြန်မာသတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံး (ခ) သက်ဦးမောင်နှင့် ကိုကျော်စိုးဦး (ခ) ကိုမိုးအောင်တို့နှစ်ဦးအား ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)ဖြင့် မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုစစ်ဆေးနေခြင်းဖြစ်ပြီး တရားလိုဘက်မှ တရားလိုအပါအဝင် တရားလိုပြသက်သေ စုစုပေါင်း ၂၅ ဦးတင်ပြထားကာ လက်ရှိတွင် တရားလိုပြသက်သေ ၁၄ ဦးစစ်ဆေးပြီးဖြစ်သည်။