ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ဖျက်သိမ်းရေး စတစ်ကာလှုပ်ရှားမှု လှည်းတန်းလမ်းဆုံတွင် ပြုလုပ်

ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ဖျက်သိမ်းရေး စတစ်ကာလှုပ်ရှားမှု လှည်းတန်းလမ်းဆုံတွင် ပြုလုပ်
Published 19 March 2018

ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းဖျက်သိမ်းရေး စတစ်ကာလှုပ်ရှားမှု ဆောင်ရွက်နေသည်ကို တွေ့ရစဉ်

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းဖျက်သိမ်းရေး စတစ်ကာလှုပ်ရှားမှုကို မတ် ၁၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုကို အရပ်ဘက်အဖွဲ့ အစည်းပေါင်း ၂၀၀ ခန့် ပါဝင်သော ငြိမ်း၊ စု၊ စီ ဥပဒေပြင်ဆင်ချက်ဖျက်သိမ်းရေး ဦးဆောင်ကော်မတီမှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး စတစ်ကာ စုစုပေါင်း တစ်သောင်းခွဲခန့် ဝေငှခဲ့ကြောင်း သိရသည်။

စတစ်ကာလှုပ်ရှားမှုတွင် ပါဝင်လာသော Generation Wave မှ အထွေထွေအတွင်းရေးမှူး မအိအိမိုးက “ဒီနေ့လုပ်တာက ၅ ရက် နေ့တုန်းက ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း ဖျက်သိမ်းရေးကို ဆန္ဒဖော်ထုတ်တာ ရှိတယ်။ အဲဒီဆန္ဒထုတ်ဖော်ပွဲရဲ့ အဆက်တစ်ခုပါ။ ရည်ရွယ်တာက ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ဖျက်သိမ်းပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။ ကျွန်မတို့ပြည်သူလူထုရဲ့ အသံကို ထုတ်ဖော်နေတယ်။ အဲဒီတော့ လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်စားလှယ်တွေကို ပြည်သူတွေရဲ့အသံကို ကိုယ်စားပြုပေးပါ။ ပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုပြီးတော့ ဆွေးနွေးပေးဖို့ မေတ္တာရပ်ခံ ပြောကြားလိုပါတယ်” ဟု မီဒီယာများအား ပြောကြားခဲ့သည်။

ငြိမ်း၊ စု၊ စီ ဥပဒေပြင်ဆင်ချက်ဖျက်သိမ်းရေး ဦးဆောင်ကော်မတီတွင် ပါဝင်သော အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်သူများက “ငြိမ်းစုစီပြင်ဆင်ချက် ဖျက်သိမ်းရေး၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ကာကွယ်ရေး” စကားလုံးများ ပါဝင်သော အနီရောင်စတစ်ကာများကို  လှည်တန်းလမ်းဆုံးမှ သမိုင်းလမ်းဆုံအထိ  လမ်းတစ်လျှောက်ရှိ ပြည်သူများ၊ မော်တော်ယာဉ်များထံ ဝေငှခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ကန့်ကွက်ကြောင်း လမ်းလျှောက်ဆန္ဒပြပွဲကို မတ် ၅ ရက်က ရန်ကုန်မြို့ သခင်းမြပန်းခြံမှ မဟာဗန္ဓုလပန်းခြံထိ  ပြည်သူ ၅၀၀ ခန့်ပါဝင်၍  လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း  ဒေါက်တာ ညိုညိုသင်း၊ လယ်သမားအရေးလှုပ်ရှားသူ ဒေါ်စုစုနွေး၊ အရပ်ဖက်အဖွဲ့အစည်းများမှ ဒေါ်နော်အုန်းလှ၊ ဦးဇော်ရမ်းတို့က ဟောပြောခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အလွှာအသီးသီးက ကန့်ကွက်ဆန္ဒပြခဲ့သည့် ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သော်လည်း ထောက်ခံမဲ ၁၁၃ မဲ၊ ကန့်ကွက်မဲ ၇၈ မဲဖြင့် အမျိုးသားလွှတ်တော်က မတ် ၇ ရက်က အတည်ပြုခဲ့ကြောင်း သိရသည်။

Most Read

Most Recent