RCSS နှင့် TNLA တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့နယ်၊ တောဖယ်ရွာရှိ နေအိမ်အချို့ ထွက်ပြေးတိမ်းရှောင်ရသည့်ကိစ္စအပေါ် နှစ်ဖက်အပြန်အလှန်စွပ်စွဲ

RCSS နှင့် TNLA တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့နယ်၊ တောဖယ်ရွာရှိ နေအိမ်အချို့ ထွက်ပြေးတိမ်းရှောင်ရသည့်ကိစ္စအပေါ် နှစ်ဖက်အပြန်အလှန်စွပ်စွဲ
Published 16 March 2018

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် NCA မရေးထိုးရသေးသည့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့အကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ တောဖယ်ကျေးရွာရှိ နေအိမ်အချို့ မီးလောင်မှုနှင့် ရွာသားများ ထွက်ပြေးနေသည့် ကိစ္စအပေါ် နှစ်ဖက်တပ်များ အပြန်အလှန် စွပ်စွဲကြသည်။

RCSS နှင့် TNLA တို့သည် မတ် ၁၀ ရက်မှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ မတ် ၁၃ ရက်က ဖြစ်ပွားသည့် တိုက်ပွဲများတွင် တောဖယ်ကျေးရွာရှိ စေတီကုန်းတွင် တပ်စွဲထားသော RCSS တပ်ဖွဲ့ဝင်များက ရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ်ခြောက်လုံး မီးလောင်၍ ဒေသခံနှစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။

TNLA က မတ် ၁၀ ရက်တွင် ခွန်ကော် (ကွန်ကော်) ကျေးရွာနှင့် တောဖယ်ကျေးရွာ အထက်ဘက် တောင်ကြောပေါ်ရှိ RCSS/SSA တပ်စခန်းအချို့ကို ရှင်းလင်းခဲ့ပြီးနောက် RCSS/SSA အဖွဲ့သည် တောဖယ်ကျေးရွာဘက် ဆုတ်ခွာကာ တောဖယ်ကျေးရွာရှိ  ဘုရားစေတီနှင့် သာသနာ့အဆောက်အအုံများအား အကာအကွယ်ယူ၍ တပ်စွဲထားကြောင်း ထိုသို့တပ်စွဲထားစဉ် မတ် ၁၃ ရက်တွင် TNLA ဘက်မှ ကျေးရွာအတွင်းရှိ လူနေအိမ်များနှင့် ဒေသခံလူထုအား ဦးတည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တောဖယ်ကျေးရွာ အနီးတစ်ဝိုက်ရှိ သစ်တောများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒေသခံရွာသူ၊ ရွာသားများ အချို့သည် RCSS အဖွဲ့ရွာအတွင်း လာရောက်တပ်စွဲထားသဖြင့် မတ် ၁၂ ရက်မှ စတင်၍ ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးခိုလှုံနေကြကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အတူ ပန်ကွတ်ကျေးရွာနှင့် မန်ဝါကျေးရွာနေ ရွာသူ၊ ရွာသားများကိုလည်း TNLA နှင့် ၎င်းတို့ တိုက်ပွဲဖြစ်ပွားလျှင် ကျေးရွာ မီးရှို့ပစ်မည်ဟု RCSS အဖွဲ့က ခြိမ်းခြောက်မှုကြောင့် ရွာသူ၊ ရွာသားများမှာ ကြောက်ရွံ့ပြီး မန်ဟောင် (မန်စံ) သို့ မတ် ၁၃ ရက်က ထွက်ပြေးတိမ်းရှောင်နေရကြောင်း TNLA ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အထက်ပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ RCSS/SSA က ၎င်းတို့ပိုင် သတင်းဌာနဖြစ်သော Tai Freedom မှတစ်ဆင့်  အဆောက်အအုံများ မီးလောင်နေသည့် ဗီဒီယိုဖိုင်နှင့် တကွ ‘RCSS နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးက ကွန်ကော်ရွာနှင့် တော့ဖေ (တောဖယ်) ရွာတို့အား TNLA က မီးရှို့ဖျက်ဆီးထားသည့် ဗီဒီယိုဖိုင်’ ဟူ၍ ခေါင်းစဉ်ဖြင့် မတ် ၁၄ ရက်က ပြန်လည်သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဗီဒီယိုဖိုင်သည် ကျောက်မဲမြို့နယ် ကွန်ကော်အုပ်စု တော့ဖေကျေးရွာတွင် မတ် ၁၃ ရက် RCSS နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားနေစဉ် TNLA အဖွဲ့သည် တော့ဖေရွာအား မီးရှို့ဖျက်ဆီးခဲ့သည်ကို RCSS/SSA တပ်သားတစ်ဦးက မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း RCSS ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်း ကွန်ကော်ရွာနှင့် တော့ဖေရွာသည် ပလောင်တိုင်းရင်းသားများနေထိုင်သည့် ကျေးရွာဖြစ်ပြီး ကျောက်မဲ-နမ့်ဆန်မြို့နယ် အစပ်တွင်တည်ရှိကြောင်း RCSS ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားများသည် TNLA အဖွဲ့က အင်အား ၁၀၀ ကျော်ဖြင့် RCSS အဖွဲ့ကို မတ် ၁၀ ရက်ကစတင်ကာ တိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ယင်းတိုက်ပွဲဖြစ်ပွားမှုများကြောင့်  ဒေသခံ ၄၀၀ ကျော် စစ်ပြေးတိမ်းရှောင်နေရကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ထုတ်ပြန်မှုတွင် ပါရှိသည်။