လူထုအား ခေါ်ယူတွေ့ဆုံခြင်းသည် အာဏာရှင်များ၏ လုပ်ရပ်ဖြစ်ပြီး မူလအစီအစဉ်များအတိုင်း လူထုထံသွားရောက်၍ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ပြီးမှသာ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း SNLD တွဲဖက်အတွင်းရေးမှူး (၁) ပြောကြား

လူထုအား ခေါ်ယူတွေ့ဆုံခြင်းသည် အာဏာရှင်များ၏ လုပ်ရပ်ဖြစ်ပြီး မူလအစီအစဉ်များအတိုင်း လူထုထံသွားရောက်၍ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ပြီးမှသာ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း SNLD တွဲဖက်အတွင်းရေးမှူး (၁) ပြောကြား
Published 16 March 2018

၂၀၁၇ ဒီဇင်ဘာလအတွင်းက တာချီလိတ်မြို့တွင် ပြုလုပ်ခဲ့သည့် အကြိုလူထုတွေ့ဆုံပွဲအား တွေ့ရစဉ် (ဓာတ်ပုံ- Sai laeng)

လူထုအား ခေါ်ယူတွေ့ဆုံခြင်းသည် အာဏာရှင်များ၏ လုပ်ရပ်ဖြစ်ပြီး  မူလအစီအစဉ်များအတိုင်း လူထုထံ သွားရောက်တွေ့ ဆုံဆွေးနွေးပွဲများ ပြုလုပ်ပြီးမှသာ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲ ဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က ပြောကြားသည်။

အစိုးရက ကမ်းလှမ်းသည့် ချပေးသော ပုံစံမှာ မိမိတို့အနေဖြင့် လက်ခံနိုင်စရာမရှိကြောင်း၊ သဘာဝမကျဘဲ မဖြစ်သင့်သည့် ကိစ္စဖြစ်ကြောင်း၊ မိမိတို့ပါတီအနေဖြင့် အစိုးရက လက်ခံကမ်းလှမ်းသည့် ကိစ္စအပေါ်တွင် ဆက်လက်စဉ်းစားထားချက်မရှိကြောင်း တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က ပြောကြားသည်။

“လူထုတွေ့ဆုံပွဲဆိုတာ လူထုရှိတဲ့နေရာကို ကိုယ်ကသွားတွေ့ရမှာဖြစ်တယ်။ ဒါမှ လူထုတွေ့ဆုံပွဲလို့ ခေါ်တာ။ လူထုကို ကိုယ့်ဆီခေါ်လာတယ်။ မင်းတို့ ငါ့ဆီလာတွေ့ပါလို့ဒါ အာဏာရှင်တွေ လုပ်တဲ့အလုပ်ပဲ။ ကျွန်တော်တို့က အာဏာရှင်တွေမဟုတ်ဘူး။ ကျွန်တော်တို့က ဒီမိုကရေစီဘက်ကို ဖက်ဒရယ်ဘက်ကို သွားမယ့်လူဆိုတော့ ပြည်သူလူထုကို ပိုပြီးတော့ ကျွန်တော်တို့က ဦးစားပေးတယ်။ နောက်လူထုကို ဆင်းပြီးသွားတွေ့ရမှာ။ ဒါကျွန်တော်တို့ရဲ့သဘော။ ဒါကျွန်တော်တို့ ကိုင်စွဲတဲ့မူဝါဒပေါ့။ အစိုးရဘက်အနေနဲ့ ပြောလာတဲ့ကိစ္စတွေက ကျွန်တော်တို့ သွားချင်တဲ့ပုံစံနဲ့က လုံးဝပြောင်းပြန်ဖြစ်နေတယ်ဆိုတော့ ကျွန်တော်တို့က ဒါ ဒီအပေါ်မှာ သိပ်စဉ်းစားစရာမလိုဘူး။ စဉ်းစားထားချက်လည်း မရှိဘူး။ ကျွန်တော်တို့မရှိဘူးဗျာ။ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ လူထုတွေ့ဆုံပွဲလုပ်မယ်။ ကျွန်တော်တို့ စီစဉ်ထားတဲ့အတိုင်း ကျွန်တော်တို့ ပြည်သူလူထုတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးမှသာလျှင် ကျွန်တော်တို့ နောက်တစ်ဆင့်သွားမယ်ပေါ့ဗျာ။ အဲဒီဟာလည်း အကျပ်အတည်းရှိနေသေးတဲ့အတွက် ကျွန်တော်တို့ နောက်တစ်ဆင့် လောလောဆယ် ဆက်တက်ဖို့မရှိပါဘူး” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD ) တွဲ ဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က ပြောကြားသည်။

NCA ရေးထိုးပြီး ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS/SSA) သည် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရှိထားသော်လည်း အဆိုပါ ဆွေးနွေးပွဲအကြိုလူထုတွေ့ဆုံပွဲများ ကျင်းပရာတွင် တားမြစ်မှုများခံရသဖြင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအား ပြုလုပ်ခြင်းမရှိဘဲ ယာယီရွှေ့ဆိုင်းထားသည်။

အစိုးရဘက်မှ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်မည့် လမ်းကြောင်းနှစ်ကြောင်း  RCSS/SSA သို့ ကမ်းလှမ်းထားသည်။

အကြို လူထုတွေ့ဆုံပွဲများ ပြုလုပ်ရန် ကျန်ရှိသည့် မြို့နယ်မှ အကြိုလူထုတွေ့ဆုံပွဲ တက်ရောက်မည့်သူများကို လင်းခေးမြို့တွင် စုစည်းကာ တစုတဝေးတည်း ပြုလုပ်ရန် သို့မဟုတ် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေနွေးပွဲ (အကြို)ဆွေးနွေးပွဲတစ်ရပ်ကို တောင်ကြီးမြို့တွင်ပြုလုပ်ပြီး တရားဝင်ဆွေးနွေးပွဲကို လင်းခေးမြို့တွင်ပြုလုပ်ရန် အစိုးရက ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

“လောလောဆယ် ကျွန်တော်တို့က လုပ်လို့လည်းမရဘူး။ ကျွန်တော်တို့က တရားဝင်လည်း ဖြစ်ချင်တယ်။ အဲဒီတော့ ဟိုဘက်က လာကန့်သတ် ဒီဘက်က လာကန့်သတ်ဆိုရင် ဒါမလိုလားအပ်ဘဲနဲ့ ကျွန်တော်တို့လည်း ပြဿနာမတက်ချင်ဘူး။ အဲဒီတော့ ကျွန်တော်တို့လုပ်ချင်တဲ့ပုံစံအတိုင်းသာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရမယ်ဆိုရင် ကျွန်တော်တို့ ဆက်လုပ်ဖို့ရှိပါတယ်” ဟု စိုင်းကျော်ညွန့်က ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို မူလက ၂၀၁၈ ခုနှစ် ဇန်နဝါရီ နောက်ဆုံးပတ်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပနိုင်ခြင်းမရှိသေးသည့် အခြေအနေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဧပြီလကုန် မေလဆန်းသို့ ရွှေ့ဆိုင်းထားသည်။

NCA ရေးထိုးထားသည့်  တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPTT) က ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်ထည်ဖော်ဆောင်ရွက်ပြီးမှသာ ဆက်လက်ပြုလုပ်မည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

ယခင် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့အနက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ကျင်းပခွင့်မရရှိသေးဘဲ အစိုးရဘက်ကမူ ရခိုင်ပြည်နယ်၏ လက်ရှိနိုင်ငံရေး အခြေအနေများကြောင့် ခွင့်မပြုခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

အလားတူ NCA ရေးထိုးထားသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့က ကရင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတစ်ကြိမ်ပြုလုပ်ထားပြီး ထပ်မံပြုလုပ်ရန် ကရင်ပြည်နယ်ပြင်ပရှိ ကရင်တိုင်း ရင်းသားများနေထိုင်ရာဒေသများတွင် အကြိုလူထုတွေ့ဆုံပွဲပြုလုပ်ရန် ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရရှိကြောင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွင်ပါဝင်သည့် ကရင်အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူအချို့၏ ပြောကြားချက်အရ သိရသည်။