ဧရာဝတီတိုင်းဒေသကြီး၌ ပညာရေးဝန်ထမ်းအင်အား ၁၆၇၀၀ ကျော် လစ်လပ်နေသဖြင့် ဖြည့်ဆည်းခန့်ထားရန် လိုအပ်

ဧရာဝတီတိုင်းဒေသကြီး၌ ပညာရေးဝန်ထမ်းအင်အား ၁၆၇၀၀ ကျော် လစ်လပ်နေသဖြင့် ဖြည့်ဆည်းခန့်ထားရန် လိုအပ်
Published 16 March 2018

ဧရာဝတီတိုင်းဒေသကြီး၌ ပညာရေးဝန်ထမ်းအင်အား ၁၆၇၀၀ ကျော် လစ်လပ်နေသဖြင့် ဖြည့်ဆည်းခန့်ထားရန် လိုအပ်နေကြောင်း တိုင်းပညာရေးမှူးရုံးမှ ရရှိသည့် စာရင်းများအရ သိရသည်။

ပညာရေးအရာထမ်း၊ အမှုထမ်း ခွင့်ပြုအင်အား ၇၇၁၂၀ ဦး ခန့်ထားရန် လိုအပ်သည့် ဧရာဝတီတိုင်းဒေသကြီး၌ လက်ရှိတွင် ဝန်ထမ်း ၆၀၃၆၁ ဦးသာ ခန့်ထားနိုင်သဖြင့် ဝန်ထမ်းအင်အား ၁၆၇၀၀ ကျော် လိုအပ်နေခြင်းဖြစ်သည်။

“ဝန်ထမ်းလိုအပ်ချက်တွေကို ပညာရေးဝန်ကြီးဌာန အစီအမံနဲ့ ဆက်လက်ဖြည့်ဆည်းသွားဖို့ ရှိပါတယ်။ ပြောင်းရွှေ့ဖို့၊ ရာထူးတိုးဖို့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အားလုံး လျှောက်လွှာခေါ်ယူထားပြီး ဖြစ်ပါတယ်။ တန်းစီဇယားတွေနဲ့ ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုညွှန်မှူး(စီမံ) မန်းသိန်းကျော်က ပြောကြားသည်။

ပညာရေးဝန်ထမ်း ပြည့်မီမှုမရှိခြင်းကြောင့် စာသင်ကျောင်းများ၌ အခက်အခဲ ရှိနေသဖြင့် ဝန်ထမ်းအင်အား တိုးမြှင့်ခန့်ထားနိုင်ရေးနှင့် အရည်အသွေးပြည့်မီနိုင်ရေး ဆောင်ရွက်သင့်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းက သုံးသပ်ပြောကြားသည်။

“ကျွန်တော်တို့ အများစုတွေ့ရတာက ဝန်ထမ်းအင်အားနည်းတာပေါ့။ ဝန်ထမ်း အင်အားနည်းတဲ့ အခါကျတော့ တချို့ကျောင်းလေးတွေမှာဆိုရင် ကျောင်းအုပ်ကြီး အပါအဝင် ကျောင်းဆရာမ နှစ်ယောက်၊ သုံးယောက်လောက်ပဲ တွေ့ရတယ်။ အဲဒီကြားထဲမှာမှ မွမ်းမံသင်တန်းသွားတဲ့အခါမျိုးဆိုရင် ဆရာမကြီးနဲ့ လက်ထောက်လောက်ကပဲ ထိန်းထားရတယ်။ တစ်နှစ်ပတ်လုံး ကျောင်းသား ၁၀၀၊ ၅၀ ပတ်လည်ကို ထိန်းထားရတဲ့ အခြေအနေမျိုးရှိတယ်။ နောက်တစ်ခုက အလယ်တန်းကနေ တွဲဖက်ဖြစ်လာတဲ့ ကျောင်းတွေမှာဆိုရင် သက်ဆိုင်ရာဘာသာရပ်ကို သင်ကြားနိုင်တဲ့ ဆရာ၊ ဆရာမ အားနည်းလာတယ်။ အားနည်းတဲ့အခါကျတော့ ဘာသာရပ်တွေကို ထိရောက်စွာ သင်ကြားပေးနိုင်မှု မရှိတာ တွေ့ရတယ်။ အဓိက ခြုံပြောရမယ်ဆိုရင် ကျောင်းသားအင်အားနဲ့ သက်ဆိုင်ရာ ဘာသာရပ်သင် ဆရာ၊ ဆရာမ အင်အားဟာ မျှတမှု အင်မတန်နည်းနေတယ်။ ဒါကို တိုးမြှင့်ခန့်ထားနိုင်ရေးနဲ့ အရည်အသွေး ပြည့်မီနိုင်ရေးကို ကြိုးစားသင့်တယ် ထင်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၆ မြို့နယ်၌ အခြေခံပညာအဆင့် စာသင်ကျောင်း ၆၉၈၇ ကျောင်းရှိပြီး ကျောင်းသားကျောင်းသူ ၁၁ သိန်း ၈ သောင်းကျော်အား ဆရာ၊ ဆရာမ ဦးရေ ၅၄၃၀၀ ကျော်မှ ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။