ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်ရှိ တိုးဂိတ်များတွင် အလိုအလျောက် ငွေပေးချေသည့်စနစ်ကို မကြာမီ စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်ရှိ တိုးဂိတ်များတွင် အလိုအလျောက် ငွေပေးချေသည့်စနစ်ကို မကြာမီ စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား
Published 15 March 2018

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်ရှိ တိုးဂိတ်များတွင် အလိုအလျောက် ငွေပေးချေသည့်စနစ်ကို မကြာမီ စတင်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

နေပြည်တော်၌ မတ် ၁၄ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့တွင် ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၏ ရန်ကုန်- နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် လိုအပ်နေသော အဆင့်မီဖြည့်စွက်ထောက်ပံ့အင်္ဂါရပ်များ (Road Furniture and facilities) ဖြည့်ဆည်းကာ စည်းကမ်းအားနည်းချက်များလည်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းသည့် ဆက်စပ်မေးခွန်းအပေါ် ဒုဝန်ကြီးက ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အမြန်လမ်းမကြီးပေါ်ရှိ တိုးဂိတ်များတွင် အလိုအလျောက် ပိုက်ဆံပေးချေသည့်စနစ်ကို တပ်ဆင်ရန် အစီအစဉ်ရှိသည့်အတွက် ပြီးခဲ့သည့်ဘဏ္ဍာနှစ်က တင်ဒါခေါ်ယူခဲ့ရာ နိုင်ငံတော်မှ ပိုက်ဆံပေးစရာမလိုဘဲ ကြေညာသဘောမျိုးဖြင့် တပ်ဆင်ပေးမည့် ကုမ္ပဏီတစ်ခုရှိလာသည့်အတွက် လက်ရှိတွင် အဆိုပါကုမ္ပဏီကို စမ်းသပ်ကာလအနေဖြင့် တိုးဂိတ်များ၌ အလိုအလျောက် မောင်းတံမသည့်စနစ်ကို တပ်ဆင်ထားကြောင်း၊ အဆိုပါစမ်းသပ်ကာလအတွင်း အဆင်ပြေပါက အလိုအလျောက် ငွေပေးချေသည့်စနစ်ကို မကြာခင် စတင်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“တိုးဂိတ်တွေမှာ ETC လို အလိုအလျောက် ပိုက်ဆံပေးတဲ့စနစ်ကို တပ်ဖို့အစီအစဉ်ရှိပါတယ်။ အဲဒီလိုရှိတဲ့အတွက် ပြီးခဲ့တဲ့နှစ်မှာ အလိုအလျောက် ETC စနစ်အတွက် ရန်ပုံငွေဘတ်ဂျက်ရှိတဲ့အတွက် တင်ဒါခေါ်လိုက်ပါတယ်။ တင်ဒါခေါ်တဲ့အချိန်မှာ ကုမ္ပဏီတွေ အပြိုင်အဆိုင်ဖြစ်လာပြီး နောက်ဆုံးပိတ်မှာ အခကြေးငွေလုံးဝမယူဘဲနဲ့ ကြေညာလိုသဘောမျိုးနဲ့တပ်မယ့် ကုမ္ပဏီပေါ်လာပါတယ်။ နိုင်ငံတော်က ပိုက်ဆံပေးစရာမလိုဘဲနဲ့ ဒေါ်လာတစ်သန်းလောက်အကုန်ခံပြီး ကြေညာသဘောမျိုးနဲ့ တပ်မယ့်ကုမ္ပဏီ ပေါ်လာတဲ့အတွက် အဲဒီကုမ္ပဏီကို စမ်းသပ်ကာလအနေနဲ့ တပ်ထားပါတယ်။ စမ်းသပ်ကာလအတွင်းမှာ Accident မဖြစ်ဘူး။ သွားတဲ့အချိန်မှာ Automatic ခလုတ်တွေ ပွင့်တယ်ဆိုလို့ရှိရင် မကြာမီဧပြီကစပြီးတော့ ပြည်သူတွေကို ကတ်ပြားတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ရောင်းချပြီးတော့ ပိုက်ဆံသွင်းသွားပြီးတော့ အလိုအလျောက် မောင်းတံမတဲ့စနစ်ကို စတင်ကျင့်သုံးသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အလိုအလျောက် ငွေပေးချေစနစ်သည် မကြာမီစတင်တော့မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ဆက်လက်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (ZERO) မိုင်မှ ဘောနက်ကြီးအထိ (မိုင် ၄၀) အပိုင်းကို အာရှဖွံ့ဖြိုးရေးဘဏ်၏ချေးငွေဖြင့် နိုင်ငံတကာအဆင့်မီ Expressway အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်အတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားပြီးဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသောလမ်းမကြီးဖြစ်ရန် ADB ချေးငွေဖြင့် AC ခင်းခြင်း၊ Raised Median မှ Depressed Median သို့ပြောင်းလဲပြီး ၂ ဒသမ ၅ မီတာရှိ အတွင်း၊ အပြင် လမ်းပခုံးပြုလုပ်ခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ Guard Rail များတပ်ဆင်ခြင်းတို့ဖြင့် လက်ရှိလေးလမ်းသွားလမ်းမကြီးကို နိုင်ငံတကာအဆင့်မီ လမ်းမBကီးဖြစ်အောင် ဆောင်ရွက်သွားမည်ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။