လက်ရှိဘဏ္ဍာနှစ် ၁၁ လခန့်တွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၃ ဒသမ ၂ သန်းနီးပါး တင်ပို့မှုမှ ဒေါ်လာတစ်ဘီလျံနီးပါး ရရှိထား

လက်ရှိဘဏ္ဍာနှစ် ၁၁ လခန့်တွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၃ ဒသမ ၂ သန်းနီးပါး တင်ပို့မှုမှ ဒေါ်လာတစ်ဘီလျံနီးပါး ရရှိထား
Published 15 March 2018

ရန်ကုန်မြို့ ဘုရင့်နောင်ဝင်းအတွင်းရှိ ဆန်ပွဲရုံတစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ရေကြောင်းမှ ဆန်နှင့် ဆန်ကွဲတင်ပို့မှု မြင့်တက်လာသည့်အတွက် ယခုဘဏ္ဍာနှစ် ၁၁ လခန့်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၂ သန်းနီးပါး တင်ပို့မှုမှ ဒေါ်လာတစ်ဘီလျံနီးပါးအထိ ရရှိထားပြီး ယခင်နှစ်များက ပင်လယ်ရေကြောင်းတင်ပို့မှု ရာခိုင်နှုန်း ၃၀ ခန့်သာရှိခဲ့ရာမှ ယခုနှစ်တွင် ၄၇ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်များတွင် မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲတင်ပို့မှု ပမာဏစုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ ကျော်မှာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့နေခြင်းဖြစ်ပြီး ယခုနှစ်တွင် ပြည်ပဈေးကွက် ပိုမိုရှာဖွေနိုင်သည့်အတွက် ပင်လယ်ရေကြောင်း တင်ပို့မှုသည် ၄၇ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၃ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် ပင်လယ်ကြောင်းမှ တန်ချိန် ၁ ဒသမ ၅ သန်းကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၄၄၀ ရရှိထားပြီး ၄၇ ရာခိုင်နှုန်းကျော်ရှိကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ဒသမ ၆ သန်းကျော်မှ တန်ဖိုးဒေါ်လာ ၅၅၈ သန်းကျော်ရရှိထားပြီး ၅၂ ရာခိုင်နှုန်းကျော်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ပင်လယ်ရေကြောင်းဈေးကွက်ကို ပိုမိုရှာဖွေနိုင်ခဲ့ပြီး စုစုပေါင်းတင်ပို့မှု၏ ရာခိုင်နှုန်း ၆၀ ခန့်က အာဖရိကဈေးကွက်သို့ တင်ပို့နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ပင်လယ်ရေကြောင်းမှ တင်ပို့ရာတွင် တန်းမြင့်ဆန်များကို ဥရောပဈေးကွက်သို့ တင်ပို့လျက်ရှိပြီး တန်းနိမ့် ၂၅ မှတ်ဆန်များကို အာဖရိကဈေးကွက်သို့ တင်ပို့နေခြင်းဖြစ်ပါတယ်။

“တင်ပို့မှုရဲ့ ၆၀ ရာခိုင်နှုန်းက အာဖရိကကိုသွားတာပါ။ သူကတော့ တန်းနိမ့်ဆန်ရယ်၊ ဆန်ကွဲရယ်သွားတာများတယ်။ တန်းနိမ့်ဆန်ဆိုတာ ၂၅ မှတ်အဆင့်ပေါ့။ တန်းမြင့်ဆန်က ဥရောပသွားတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။

ပြည်ပသို့ ဆန်ပိုမိုတင်ပို့နိုင်ရန်အတွက် နိုင်ငံတကာဈေးကွက်များကို ပိုမိုရှာဖွေခဲ့ပြီး လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံပေါင်း ၆၂ နိုင်ငံအထိ တိုးချဲ့ကာတင်ပို့နိုင်ခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ်များထက် နိုင်ငံပေါင်း ၂၂ နိုင်ငံကို တိုးချဲ့ကာ တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ဒီနှစ်က တော်တော်များပြီ၊ ကိုယ်တို့တိုးချဲ့ထားပြီ။ ဈေးကွက်တိုးမြှင့်ဆောင်ရွက်တာက ဒီမြန်မာနိုင်ငံမှာ ၂၀၁၇ ဧပြီ၊ မေမှာ The Rice Traders Conference ကိုလုပ်ခဲ့တယ်လေ။ လုပ်ခဲ့တော့ဒီညီလာခံနဲ့ ဆက်စပ်ပြီးတော့ မြန်မာနိုင်ငံရဲ့ ဆန်စပါးဈေးကွက်တိုးချဲ့ရေးကို IFC, World Bank ပေါ့ ကမ္ဘာ့ဘဏ်ကလည်း ကူညီပေးတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ကော်မတီတွေ၊ နောက်တစ်ခါ ကုမ္ပဏီတွေကလည်း တိုးချဲ့လုပ်တော့ ဈေးကွက်ရှာဖွေရေးကတော့ တော်တော်ကောင်းနေပြီ။ အဲဒီနောက်ကနေ ထုတ်လုပ်မှုကပါ လိုက်လာမယ်ဆိုရင် တန်ချိန်လေးသန်းကို ၂၀၂၀-၂၀၂၁ ခုနှစ်မှာ လွယ်လွယ်ကူကူနဲ့ပို့နိုင်ပြီ” လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

မြန်မာ့ဆန်စပါးကဏ္ဍအတွက် ဦးစားပေးဆောင်ရွက်မည့် ရည်မှန်းချက်အရ လာမည့်သုံးနှစ်အတွင်း ဆန်တန်ချိန် လေးသန်းအထိ ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရန် ရည်မှန်းထားပြီး ဝင်ငွေဒေါ်လာ ၁ ဒသမ ၅ ဘီလျံအထိ ရရှိနိုင်ကြောင်း မတ် ၆ ရက်က နေပြည်တော်တွင်ကျင်းပသော မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးနှီးနှောဖလှယ်ဆွေးနွေးပွဲ- ၂၀၁၈ အခမ်းအနားမှ သိရသည်။

Most Read