မန္တလေးတိုင်းအတွင်း စွန့်ပစ်ရေဆိုးထွက်သည့် စက်ရုံအလုပ်ရုံများ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ရေးဆွဲဆောင်ရွက်ခြင်းမရှိပါက အသိပညာပေးကာလကျော်လွန်လျှင် အရေးယူမည်

မန္တလေးတိုင်းအတွင်း စွန့်ပစ်ရေဆိုးထွက်သည့် စက်ရုံအလုပ်ရုံများ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ရေးဆွဲဆောင်ရွက်ခြင်းမရှိပါက အသိပညာပေးကာလကျော်လွန်လျှင် အရေးယူမည်
Published 11 March 2018

စွန့်ပစ်ပစ္စည်း ရေဆိုးများထွက်စေသည့် စက်ရုံအလုပ်ရုံများ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (EMP) ရေးဆွဲဆောက်ရွက်ရန် ပညာပေးလျက်ရှိပြီး ပတ်ဝန်းကျင်စီမံခန့် ခွဲမှုအစီအစဉ် ရေးဆွဲခြင်းမရှိသည့် လုပ်ငန်းရှင်များကို အသိပညာပေးကာလကျော်လျှင် သတိပေးအရေးယူမှုပြုလုပ်မည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ EMP အား ကိုးလမှ ၁၂ လ အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် အပြီးရေးဆွဲကြရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာတင်မင်းမောင်က ဆိုသည်။

“ဇန်နဝါရီ ၁၀ ရက် ၂၀၁၈ ကနေ တချို့လုပ်ငန်းတွေက ကိုးလ၊ တချို့လုပ်ငန်းတွေ က ၁၂ လအတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (EMP) ရေးဆွဲဖို့ လိုတယ်။ မဆွဲ ဖြစ်ရင် ဘာဖြစ်မလဲ ကျွန်တော်ပြောခဲ့သလိုပါပဲ။ ဒါက အသိပညာပေးတဲ့ကာလနောက် တစ်ချိန်သတိပေး နောက်တစ်ဆင့်ဆိုရင် မလွှဲသာ မရှောင်သာ အရေးယူရတဲ့ကဏ္ဍ ရောက်လာနိုင်တယ်။ မဖြစ်စေချင်ပါဘူး။ စက်ရုံတွေ ရပ်ဆိုင်းရတာတို့၊ ပိတ်သိမ်းရတာတို့ မလုပ်ချင်ပါဘူး။ နောက်ပိုင်း ရပ်ဆိုင်းလိုက်ရင် ဘာဖြစ်လာလဲဆိုရင် လုပ်ငန်းရှင်ချည်းပဲ ထိခိုက်တာမဟုတ်ပါဘူး။ အလုပ်က ကြီးလာရင် ကြီးသလိုမျိုး သူတို့ မှီခိုနေတဲ့ အလုပ်သမားတွေလည်း ထိခိုက်နစ်နာတာပါ။ မန္တလေးတိုင်းဒေသကြီးဆိုရင် တိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလာပြီး ထိခိုက်တာမျိုး ရှိတယ်။ စက်ရုံအလုပ်ရုံများ ကျွန်တော်တို့ ဌာနကြောင့် ယာယီရပ်ဆိုင်းတာမျိုး မဖြစ်စေချင်ဘူး။ နားမလည်လို့ အချိန်မီမဆောင်ရွက်နိုင်လို့ သတိပေးတဲ့အဆင့်ထိကို မရောက်စေချင်ဘူး။ အခုအချိန်မှာ ကျွန်တော်တို့ဌာနက တတ်စွမ်းသရွေ့ ဘယ်လိုနည်းလမ်းမဆို ကူညီပေးပါတယ်။ EMP ရေးဆွဲတဲ့အခါ အခက်အခဲရှိရင် အကူအညီတောင်းနိုင်ပါ တယ်” ဟု ဒေါက်တာတင်မင်းမောင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် လည်ပတ်ဆောင်ရွက်နေသော ဦးစားပေးစက်မှုလက်မှု ကဏ္ဍကိုးမျိုးအောက်ရှိ လုပ်ငန်းအရေအတွက်တွင် စက်မှုလက်မှုလုပ်ငန်းကြီး ၇၅၈ ခု၊ စက်မှုလက်မှုလုပ်ငန်းလတ် ၁၃၄၄ ခု၊ စက်မှုလက်မှုလုပ်ငန်းငယ် ၁၂၂၅ ခု၊ စုစုပေါင်း ၃၃၂၇ ခုရှိကြောင်း သိရသည်။