မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား လျှပ်စစ်ဓာတ်အား ကုန်သွယ်ရေးအတွက် ဝန်ကြီးအဆင့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး မူအားဖြင့် သဘောတူညီမှုရရှိ

မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား လျှပ်စစ်ဓာတ်အား ကုန်သွယ်ရေးအတွက် ဝန်ကြီးအဆင့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး မူအားဖြင့် သဘောတူညီမှုရရှိ
Published 10 March 2018

နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ ဝန်ကြီးအဆင့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်စဉ်

မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား လျှပ်စစ်ဓာတ်အား ကုန်သွယ်ရေးအတွက် ဝန်ကြီးအဆင့် ညှိနှိုင်းအစည်းအဝေးကို မတ် ၉ ရက်က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က “ဒီနေ့ သုံးနိုင်ငံက စွမ်းအင်ဝန်ကြီးတွေ အားလုံးကတော့ မူအားဖြင့် အားလုံးသဘောတူပါတယ်။ ဒီအစည်းအဝေးမှာ ဆုံးဖြတ်တာကတော့ နိုင်ငံသုံးနိုင်ငံကတော့ Initiative ပေါ်မှာ သုံးနိုင်ငံက လက်ခံတယ်။ သဘောတူတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လျှပ်စစ်တွေ ပိုတဲ့သူကလည်း လိုတဲ့သူကိုရောင်းမယ်။ တချို့တိုင်းပြည်တွေ ဖြတ်ရမယ် ဆိုရင်လည်း တချို့တိုင်းပြည်တွေကလည်း ဖြတ်ကျော်ပြီးတော့ ကိုယ့်တိုင်းပြည်လည်း ဒီလျှပ်စစ်ကိုယူမယ်။ ဒီလိုမျှပြီးသုံးတဲ့ အတွက်လည်း ကုန်ကျစရိတ်တွေမှာ အများကြီး သက်သာတာပေါ့” ဟု ပြောကြားသည်။

လျှပ်စစ်ဓာတ်အား ကုန်သွယ်ရေး ဆောင်ရွက်နိုင်ရန် နိုင်ငံတစ်နိုင်ငံစီမှ အဖွဲ့ဝင် ငါးဦးစီပါဝင်သည့် Joint Working Group ဖွဲ့စည်းဆွေးနွေးပြီး ဝန်ကြီးအဆင့် ဆက်လက် တွေ့ဆုံညှိနှိုင်းကာ သက်ဆိုင်ရာနိုင်ငံရှိ အစိုးရဆီ ပြန်လည်တင်ပြပြီးမှသာ ဆက်လက် အကောင်အထည်ဖော်သည့် အဆင့်သို့ ရောက်လာမည် ဖြစ်ကြောင်း သိရသည်။

“တစ်နိုင်ငံငါးယောက် စုစုပေါင်း ကော်မတီမှာ စုစုပေါင်း ၁၅ ယောက်ကနေပြီးတော့ ဒီလုပ်ငန်းကြီး အောင်မြင်ဖို့ လိုအပ်တဲ့ ဆောင်ရွက်ရမယ့် နည်းပညာပိုင်း၊ ဥပဒေပိုင်း၊ သင့်တင့်မျှတတဲ့ဈေးနှုန်း ဒါတွေဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတာကို အဖွဲ့လိုက် အဖွဲ့လိုက် သတ်မှတ်ဆွေးနွေးပြီးတော့ အစည်းအဝေးတော့ နှစ်ကြိမ်၊ သုံးကြိမ်လောက်တော့ လုပ်ရဦးမှာပေါ့။ လုပ်ပြီးတော့မှ ဝန်ကြီးတွေကအခုလို နောက်တစ်ခါ ပြန်တွေ့ရမယ်။ အဲဒီကျတော့ တော်တော်လေး လိုအပ်တဲ့ အချက်အလက်တွေ ပြည့်စုံလို့ရှိပြီဆိုတဲ့ အချိန်မှာ သက်ဆိုင်ရာ မိမိတို့အစိုးရဆီ ပြန်တင်ပြပြီးတော့မှ ဆက်လက် အကောင်အထည်ဖော်ဖို့အထိ ရောက်လာမှာပါ” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

ဆက်လက်၍ “တစ်နိုင်ငံနဲ့ တစ်နိုင်ငံကို Flow လုပ်တာ။ ကိုယ်လိုတဲ့အချိန်မှာ သူ့ဘက်ကယူမယ်။ သူပိုတဲ့အခါမှာ သူတို့ဘက်ကို ပြန်ပေးမယ်။ အာဆီယံမှာလည်း ဒါမျိုးတွေ ရှိပါတယ်။ ဒါလုပ်ခြင်းအားဖြင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ရင်းနှီးမှုတွေ ပိုရတယ်။ တစ်ယောက်နဲ့တစ်ယောက် ဖွံ့ဖြိုးဖို့ အချိတ်အဆက်တွေ ဖြစ်သွားရော။ လူထုအချင်းချင်း ပူးပေါင်းပါဝင်မှုတွေ။ ရေရှည်ပြောမယ် ဆိုရင်တော့ ကိုယ့်တိုင်းပြည်ကိုလည်း ဘေးကပတ်ဝန်းကျင် တိုင်းပြည်မှာ ဓာတ်အားစနစ်တွေ ချိတ်ထားလိုက်ပြီပေါ့။ ဒါက ကျွန်တော်တို့ စပြီးဆောင်ရွက်တဲ့ အစည်းအဝေးဖြစ်တယ်။ ဒီနေ့က ဘာမှမဆုံးဖြတ်သေးပါဘူး” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား လျှပ်စစ်ဓာတ်အား ကုန်သွယ်ရေးအတွက် ဝန်ကြီးအဆင့် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားစွမ်းအင် အုပ်ချုပ်ရေး အဖွဲ့၏ Vice Administrator H.H.Mr.Li Fanrong၊ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ လျှပ်စစ်စွမ်းအင်နှင့် သတ္တုအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး H.E.Dr.Tawfiqe- Elahi Chowdgury BB နှင့် စွမ်းအင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။