ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်း နုတ်ထွက်စာတင်ထားကြောင်း သိရ

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်း နုတ်ထွက်စာတင်ထားကြောင်း သိရ
Published 9 March 2018

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်း နုတ်ထွက်စာတင်ထားကြောင်း စုံစမ်းသိရသည်။

ဦးသန်းဝင်းက YRTA မှ နုတ်ထွက်စာအား ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံသို့ လွန်ခဲ့သည့် လေး၊ ငါးလခန့်မှ တင်ထားခြင်းဖြစ်သော်လည်း လက်ရှိအချိန်အထိ နုတ်ထွက်ခွင့်မပြုသေးကြောင်း သိရသည်။

YRTA အတွင်းရေးမှူး ဦးသန်းဝင်းသည် ရန်ကုန်ဘတ်စ်ကားပို့ဆောင်ရေးဝန်ဆောင်မှု YBS စတင်အကောင်အထည်ဖော်ချိန်ကတည်းက ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပြီး ပြည်သူ့ရင်ပြင်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တည်ဆောက်ထားသည့် Control Center ၌ စည်းကမ်းမဲ့မောင်းနှင်သည့် ယာဉ်များအား ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသူဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလအတွင်းကလည်း YBS CEO ဦးစောဘိုဘိုသည် ကျန်းမာရေး မကောင်းဟုဆိုကာ နုတ်ထွက်စာတင်ခဲ့ကြောင်း သိရသည်။

ဦးစောဘိုဘိုအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က YBS ယာဉ်လိုင်းများကို စည်းကမ်းပိုင်းနှင့်ပတ်သက်ပြီး လုပ်ကိုင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ၏ အုပ်ချုပ်မှုဒါရိုက်တာ CEO အဖြစ် ခန့်အပ်ထားခြင်းဖြစ်ပြီး ငါးလခန့် တာဝန်ယူပြီးနောက်တွင် နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးစောဘိုဘိုကို YRTA တွင် တာဝန်ထမ်းဆောင်ရန် ၂၀၁၇ ခုနှစ် စက်တင်ဘာလက ခန့်အပ်ခဲ့ပြီး YBS ယာဉ်လိုင်းကုမ္ပဏီများကို စည်းကမ်းထိန်းသိမ်းမှုများအပြင် အများပိုင်ကုမ္ပဏီ ဖြစ်မြောက်ရေးအတွက်လည်း တာဝန်ယူလုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

YBS စနစ် စတင်အကောင်အထည်ဖော်ပြီး တစ်နှစ်ကျော်အကြာတွင် တွဲဖက်အတွင်းရေးမှူးအနေဖြင့် ယခုကဲ့သို့ နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent