ရခိုင်ပြည်နယ်မှ ပဋိပက္ခသည် လူမျိုးစုလိုက် သုတ်သင်မှုမြောက်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ပြောကြား

ရခိုင်ပြည်နယ်မှ ပဋိပက္ခသည် လူမျိုးစုလိုက် သုတ်သင်မှုမြောက်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ပြောကြား
Published 4 March 2018

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီမွတ်စလင်များ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) အပေါ် တိုက်ခိုက်ခဲ့သည့် ပဋိပက္ခတွင် မြန်မာလုံခြုံရေးတပ်များက အင်အားအလွန်အကျွံ သုံးခဲ့ပြီး ယင်းသည် လူမျိုးစုလိုက် သုတ်သင်မှု ဖြစ်ပွားခဲ့သည်ဟု မှတ်ယူကြောင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ် နှင့် ဘီဘီစီသတင်းဌာနတို့ မတ် ၃ ရက်က သီးသန့်တွေ့ဆုံ မေးမြန်းရာတွင် သံအမတ်ကြီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အနေနှင့် ယင်းဒေသ၌ လူမျိုးစုလိုက် သုတ်သင်မှု (Ethnic Cleansing) ဖြစ်ပွားခဲ့သည်ဟု မှတ်ယူကြောင်း၊ ARSA ၏ တိုက်ခိုက်မှုကို တုံ့ပြန်ခဲ့သည့် တပ်မတော်စစ်ဆင်ရေးများသည် အင်အားကို လိုသည်ထက် ပိုမိုသုံးစွဲခဲ့ပြီး သိသာထင်ရှားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည့်အတွက် လူမျိုးစုလိုက် သုတ်သင်မှုမြောက်သည်ဟု ယူဆကြောင်း၊ အင်အားကို အလွန်အကျွံ အသုံးပြုခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းတို့နှင့် ပတ်သက်၍ ခိုင်လုံသည့် သက်သေ အထောက်အထားများရှိကြောင်းနှင့် ယင်းတို့ကြောင့် နိုင်ငံတကာက စိုးရိမ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကနဦး ARSA တိုက်ခိုက်မှုကို ၎င်းတို့ အနေဖြင့် ရှုတ်ချပြီး လုံး၀ မထောက်ခံသော်လည်း တပ်မတော်နှင့် လုံခြုံရေးအဖွဲ့များက အင်အား အလွန်အကျွံသုံးသည်ဟု မြင်ကြောင်း၊ ယင်းလုပ်ရပ်နှင့် ပတ်သက်ပြီး တာဝန်ခံရန်နှင့် တာဝန်ယူရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင်က ယင်းကိစ္စကို ဆန်းစစ်ပြီး လူမျိုးစုလိုက် သုတ်သင်မှုဟု အတည်ပြုလိုက်သည် ဟုလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ပြောကြားခဲ့သည်။

ယင်းဖြစ်ပျက်မှုများကို မြန်မာအစိုးရ နှင့် ပြည်သူများက ဖော်ထုတ်ရန် မျှော်လင့်ကြောင်းနှင့် ယင်းကဲ့သို့ လုပ်ဆောင်ရန်အတွက် စစ်ဆင်ရေး၌ တိုက်ရိုက်ပါဝင် ပတ်သက်သည့် ပုဂ္ဂိုလ်တစ်ဦးကို ပစ်မှတ်ထား ဒဏ်ခတ် အရေးယူပိတ်ဆို့မှု ပြုလုပ်ခဲ့ကြောင်း စကော့မာစီရယ်က ပြောကြားခဲ့သည်။

“ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ တခြားပုဂ္ဂိုလ်တွေလည်း ရှိနေနိုင်ပြီး ဒီလူတွေကိုလည်း ပစ်မှတ်ထား ဒဏ်ခတ်မှု လုပ်ကောင်း လုပ်လာနိုင်ပါတယ်” ဟုလည်း ၎င်းကဆိုသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ၌ တိုက်ရိုက်ညွှန်ကြားသူ၊ လုပ်ဆောင်သူများ နှင့် ပါဝင်ပတ်သက်သူများကို သက်သေ ခိုင်ခိုင်လုံလုံဖြစ်အောင် ဆန်းစစ်နေပြီး သူတို့ကိုလည်း ပစ်မှတ်ထား ဒဏ်ခတ်သွားမည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လွန်စွာ လေးစားပြီး ရွေးကောက်ခံ အစိုးရအဖွဲ့ခေါင်းဆောင် တစ်ဦးအနေနှင့် “ဘာဆက်လုပ်မလဲ” ဆိုသည်ကို လူအများက စောင့်ကြည့်နေခြင်း မှာ သဘာဝကျလှကြောင်း သူ့အနေနှင့် ရခိုင်အရေးနှင့် ပတ်သက်၍ ထိရောက်စွာ မစွမ်းဆောင်နိုင်ခြင်းကြောင့် သူလည်း လက်ရှိ၌ ဝေဖန်ခံနေရသည်ဟု စကော့မာစီရယ်က ပြောကြားခဲ့သည်။

ယခုကဲ့သို့ အခြေအနေမျိုး၌ ယင်းကိစ္စကို အရေးယူရန်သည် အစိုးရ၏ တာဝန်ဟု ထင်မြင်ကြောင်းနှင့် ယင်းပြဿနာကို အစိုးရက အချိန်များစွာ သုံးခဲ့သော်လည်း တိုးတက်မှု မရှိမချင်း ဝေဖန်မှုများ ဆက်လက်ရှိနေဦးမည်ဟု ၎င်းင်းက ဆိုသည်။ ၎င်းအပြင် ပဋိပက္ခ ဖြစ်ပွားရာနေရာသို့ ကိုယ်တိုင်သွားရောက် ကြည့်ရှုခွင့် မရသည့်အပေါ် လူအများ၏ ဝေဖန်မှုများ ဆက်လက်မြင့်တက်လျက် ရှိသည်ဟု သံအမတ်ကြီးက ထောက်ပြပြောဆိုခဲ့သည်။