JICA မှ ပေးသောချေးငွေသည် အကန့်အသတ်ရှိ၍ မှတ်ပုံတင်ထားသည့် SME လုပ်ငန်းပေါင်းများစွာရှိသော်လည်း အားလုံးကိုချေးနိုင်မည်မဟုတ်ဘဲ အခွန်ဆောင်သူနှင့် မဆောင်သူ၊ အာမခံပစ္စည်းရှိသူနှင့် မရှိသူများ ရှိနေ၍ ရှိသူများက ချေးငွေပိုမိုရရှိသည့်သဘောဖြစ်ကြောင်း ဒုတိယဝန်ကြီး ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်း

JICA မှ ပေးသောချေးငွေသည် အကန့်အသတ်ရှိ၍ မှတ်ပုံတင်ထားသည့် SME လုပ်ငန်းပေါင်းများစွာရှိသော်လည်း အားလုံးကိုချေးနိုင်မည်မဟုတ်ဘဲ အခွန်ဆောင်သူနှင့် မဆောင်သူ၊ အာမခံပစ္စည်းရှိသူနှင့် မရှိသူများ ရှိနေ၍ ရှိသူများက ချေးငွေပိုမိုရရှိသည့်သဘောဖြစ်ကြောင်း ဒုတိယဝန်ကြီး ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်း
Published 24 February 2018

ဖေဖော်ဝါရီ ၂၂ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမစတင်မီ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

JICA မှ ပေးသောချေးငွေသည် အကန့်အသတ်ဖြင့်ရှိသည့်အတွက် မှတ်ပုံတင်ထားသည့် SME လုပ်ငန်းပေါင်းများစွာရှိသော်လည်း အားလုံးကို ချေးနိုင်မည်မဟုတ်ဘဲ အခွန်ဆောင်သူနှင့်မဆောင်သူ၊ အာမခံ ပစ္စည်းရှိသူနှင့် မရှိသူများရှိနေ၍ ရှိသူများက ချေးငွေပိုမိုရရှိသည့် သဘောဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ရှင်းလင်းသည်။

ဒုတိယဝန်ကြီးက အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအဆင့် (၂) အတွက် JICA ထံမှ ဂျပန်ယန်း ၁၄  ဒသမ  ၉၄၉ ဘီလျံချေးယူမှုတွင် JICA မှ ပေးသောချေးငွေသည် အကန့်အသတ်ဖြင့်ရှိသည့်အတွက် မှတ်ပုံတင်ထားသည့် SME လုပ်ငန်းပေါင်းများစွာရှိသော်လည်း အားလုံးကိုချေးနိုင်မည်မဟုတ်ဘဲ အာမခံပစ္စည်းရှိသူနှင့် မရှိသူ၊ လုပ်ငန်းလည်ပတ်လျက်ရှိသူနှင့် မရှိသူ၊ အခွန်ဆောင်သူနှင့် မဆောင်သူ၊ Financial Statement ရှိသူနှင့် မရှိသူများရှိနေသည့်အတွက် ရှိသူများက ချေးငွေပိုမိုရရှိသည့် သဘောဖြစ်ကြောင်း၊ စီမံကိန်းအဆင့်(၂) တွင်ရရှိသော ကျပ်ဘီလျံ ၁၈၀ အား ပျမ်းမျှတစ်ဦးလျှင် ကျပ်သန်း ၁၀၀ ဖြင့် ထုတ်ချေးပါက နှစ် ၄၀ အတွင်း SMEs လုပ်ငန်းရှင်ပေါင်း ၂၃၄၀၀ အား ထုတ်ချေးနိုင်မည်ဖြစ်ကြောင်း၊ ကျပ်သန်း ၅၀၀ ဖြင့် ထုတ်ချေးပါက လုပ်ငန်းရှင်ပေါင်း ၂၈၈၀ သာ ထုတ်ချေးနိုင်မည်ဖြစ်ကြောင်း၊ ထို့အတွက် ပမာဏနည်းသူနှင့်များသူကို နေရာဒေသလိုအပ်ချက်၊ လုပ်ငန်းလိုအပ်ချက်၊ မူဝါဒနှင့် ကိုက်ညီမှုတို့အပေါ် မူတည်၍မျှတပြီး ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းလည်ပတ်မှုချင်း အတူတူဖြစ်သော်လည်း အာမခံပစ္စည်းပေးနိုင်သူက ရရှိမည်ဖြစ်ပြီး မပေးနိုင်သူက CGI (Credit Guarantee Insurance) စနစ်ကို စဉ်းစားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များကလည်း SME ချေးငွေ လျှောက်ထားရာတွင် ပြည့်စုံအောင် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မည်သည့် ချေးငွေမဆို လျှောက်လွှာတင်ရုံဖြင့် ရရှိနိုင်ခြင်းရှိမည်မဟုတ်ကြောင်း ပြောကြားသည်။

ထို့ပြင် JICA ၏ချေးငွေသက်တမ်းသည် နှစ် ၄၀ ဖြစ်ပြီး G to G ပုံစံဖြင့် ချေးခြင်းဖြစ်သည့်အတွက် SMEs ဥပဒေအရ ဖွဲ့စည်းထားသည့် ကော်မတီများသည် ချေးငွေကို တာဝန်ယူ၊ တာဝန်ခံရန်အခက်အခဲရှိကြောင်း၊ ခိုင်မာသည့် ငွေရေးကြေးရေး အဖွဲ့အစည်းဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်ကိုသာ JICA ကပေးလိုကြောင်း၊ နိုင်ငံပိုင်ဘဏ်ဖြစ်၍ အမြတ်ရရှိ ရန်ရည်ရွယ်ချက်ဖြင့် အတိုးယူထားခြင်း မဟုတ်ကြောင်း၊ ချေးငွေကို ဂျပန်ယန်းဖြင့်သာရယူပြီး ဂျပန်ယန်းဖြင့်သာ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် စီမံကိန်း အဆင့် (၁) အတွက် ချေးငွေရယူစဉ်တွင် တစ်ယန်းလျှင် ကျပ် ၁၀ ဒသမ ၈၁၀ ဖြစ်ပြီး ယနေ့ပေါက်ဈေး တစ်ယန်းလျှင် ကျပ် ၁၂ ဒသမ ၄၄၉ ဖြစ်နေပြီဖြစ်ကြောင်း၊ ငွေလဲနှုန်း တစ်ကျပ်ကွာတိုင်း ကျပ် ၁၅ ဘီလျံကျခံရမည် ဖြစ်ကြောင်း၊ စီမံကိန်းအဆင့် (၁) အတွက် ဂျပန်ယန်း ၅ ဒသမ ၀၃၃ ဘီလျံ (မြန်မာကျပ် ငွေ ၆၁ ဒသမ ၆၅၄ ဘီလျံခန့်) ရယူဆောင်ရွက်ခဲ့ကြောင်း၊ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အဆင့် (၂) အတွက် JICA ထံမှ ဂျပန်ယန်း ၁၄ ဒသမ ၉၄၉ ဘီလျံချေးယူမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

CGI စနစ်သည် မြန်မာနိုင်ငံတွင် ယခုမှစတင်သည့် လုပ်ငန်းဖြစ်ကြောင်း၊ မြန်မာ့အာမခံလုပ်ငန်းတွင်လည်း အတွေ့အကြုံမရှိသေး၍ Step by Step ပုံစံဖြင့် တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ကျပ် သိန်း၂၀၀ အထိသာ လက်ခံဆောင် ရွက်ပေးနိုင်ပြီး အခြေအနေပေါ်သုံးသပ်၍ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းအဆင့် (၁) တွင် စုစုပေါင်း SME လုပ်ငန်းရှင် ၃၀၀ သို့ ကျပ် ၆၂၅၆၆ ဒသမ ၉၈ သန်းထုတ်ချေးထားပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အဆင့် (၂) အတွက် JICA ထံမှ ဂျပန်ယန်း ၁၄ ဒသမ ၉၄၉ ဘီလျံချေးယူရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။