ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
Published 19 February 2018

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးနှင့် ထိုင်းဘုရင်မင်းမြတ်ကပေးအပ်သည့် မြင့်မြတ်သော ဆင်ဖြူတော်ဝင်သူရဲကောင်းဘွဲ့တံဆိပ် (ပထမအဆင့်) ''The Knight Grand Cross (First Class) of the Most Exalted Order of the White Elephant'' အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဒွန်မောင်းတပ်မတော် လေဆိပ် (Wing-6) မှ ပြန်လည်ထွက်ခွာခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ထိုင်းဘုရင့်တပ်မတော်မှ Deputy Chief of Joint Staff ဖြစ်သူ Gen. Chaichana Nakkerd နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ခင်ဇော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နေပြည်တော် လေဆိပ်သို့ ရောက်ရှိကြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ ပြန်လည်လိုက်ပါလာခဲ့ကြောင်း သိရသည်။