ကျန်ရှိနေသည့် သုံးနှစ်တာကာလအတွင်း ဆောင်ရွက်မည့် စီမံကိန်းများကို ရန်ကုန်တိုင်းအစိုးရ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြသွားမည်ဟုဆို

ကျန်ရှိနေသည့် သုံးနှစ်တာကာလအတွင်း ဆောင်ရွက်မည့် စီမံကိန်းများကို ရန်ကုန်တိုင်းအစိုးရ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြသွားမည်ဟုဆို
Published 19 February 2018

ကျန်ရှိနေသည့် သုံးနှစ်တာကာလအတွင်း ဆောင်ရွက်မည့် စီမံကိန်းများကို ရန်ကုန်တိုင်းအစိုးရမှ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ကျွန်တော်တို့ မြို့ပြစီမံကိန်းတွေ ဆောင်ရွက်နေတဲ့ အခြေအနေ ရှိပါတယ်။ စည်ပင်သာယာ နယ်နိမိတ် ၁၂ မြို့နယ်ရှိပါတယ်။ ကိုကိုးကျွန်းကို ဖယ်လိုက်မယ်ဆိုရင် ၁၁ မြို့နယ်ရှိပါတယ်။ ဒီနေရာမှာ စက်မူဇုန်တွေ ပေါ်ပေါက်ဖို့ ရှိပါတယ်။ ဒါကြောင့်မို့ မြို့တစ်မြို့ ဖွံ့ဖြိုးတိုးတက်လို့ရှိရင် ရန်ကုန်ကို ကျူးကျော်ဝင်စရာ မလိုတော့ဘဲနဲ့ သူ့မြို့နယ် မြေအလိုက် ဖွံ့ဖြိုးတိုးတက်သွားဖို့ ရှိပါတယ်။ ဒါကိုလည်း လေ့လာစမ်းစစ်နေပါတယ်။ လေ့လာစမ်းစစ်ပြီးရင် အစိုးရသစ်ရဲ့ တာဝန်ယူရမဲ့ သုံးနှစ်တာကာလအတွင်း ဆောင်ရွက်ရမယ့် အခြေအနေတွေကို တိုင်းဒေသကြီး အစိုးရအနေနဲ့ တိုင်းဒေသကြီးလွှတ်တော်ကို ပြည်ထောင်စုကပဲလုပ်မယ့်ကိစ္စဖြစ်ဖြစ်၊ တိုင်းဒေသကြီးက လုပ်ရမဲ့ကိစ္စဖြစ်ဖြစ် သုံးနှစ်စီမံကိန်းတစ်ရပ်ကို လွှတ်တော်ကို တင်ပြဖို့ ပြင်ဆင်နေပါတယ်။ လွှတ်တော်မှာ တင်ပြမဲ့ အစည်းအဝေးပွဲကိုလည်း သံတမန်တွေ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ဖိတ်ကြားပါမယ်။ ဘာဖြစ်လို့လဲဆိုရင် လုပ်ငန်းရှင်အားလုံးသိထားဖို့ လိုပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုသည်။

စီမံကိန်းများကို စိတ်ကူးမှစပြီးရေးဆွဲနေစဉ် အချိန်အထိ အားလုံးကို ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ယင်းကဲ့သို့ ထုတ်ပြန်ထားမှုကြောင့် အိမ်ရာစီမံကိန်း၊ မြို့ပြစီမံကိန်းနှင့် အထူးစီးပွားရေးဇုန်များ မည်သည့်နေရာတွင် ဖြစ်နိုင်မည်ကို ပြည်သူလူထုမှ သိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီမံကိန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်မြို့ကို သန်လျင်ဘက်မှနေပြီး သီလဝါအထူးစီးပွားရေးဇုန်ဘက်စပြီး စည်ပင်သာယာ နယ်နိမိတ် ၁၁ မြို့နယ်မှာ အထူးစီးပွားရေးဇုန်တစ်ခု ထူထောင်ဖို့ရှိကြောင်း၊ ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် မပို့နိုင်သေးကြောင်း၊ အထူးစီးပွားရေးဗဟိုအဖွဲ့မှ လေ့လာဆန်းစစ်ပြီး လုပ်နိုင်ခြေရှိပြီဆိုမှသာ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။