ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် ခရီးသွားများ၏ ပစ္စည်းများကို လေကြောင်းရဲဌာနက ပြန်လည်စစ်ဆေးနေခြင်း ဆက်လက်မပြုလုပ်ရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းနေ

ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် ခရီးသွားများ၏ ပစ္စည်းများကို လေကြောင်းရဲဌာနက ပြန်လည်စစ်ဆေးနေခြင်း ဆက်လက်မပြုလုပ်ရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းနေ
Published 19 February 2018

ရန်ကုန်လေဆိပ် အတွင်းပိုင်း တစ်နေရာကို တွေ့ရစဉ်

ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် ခရီးသည်များ၏ ပစ္စည်းများအား ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်လေဆိပ်၊ လေကြောင်းရဲဌာနမှ ပြန်လည်စစ်ဆေးနေခြင်းအား ဆက်လက်မပြုလုပ်ရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းနေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

“လေကြောင်းလုံခြုံရေးရဲ့ သဘောသဘာဝအရဆိုရင် လေယာဉ်ပေါ်ကို တင်တဲ့ပစ္စည်းကိုသာ အဓိကထားစစ်တာ။ အရေးကြီးတဲ့ ဖောက်ခွဲရေးပစ္စည်း လေယာဉ်ပေါ် မပါသွားဖို့ ကာကွယ်တာ။ အခုလိုမျိုး ရန်ကုန်လေဆိပ်ကိုအဝင်မှာ စစ်နေတာ ခရီးသည်တွေအတွက် အခက်ခဲဖြစ်နေလို့ မလုပ်ပါနဲ့ ပြောတယ်။ အစည်းအဝေးမှာ နှုတ်နဲ့လည်း ပြောတယ်။ စာလည်း ပို့ထားတယ်။ အဲဒါကို မလိုက်နာဘူးဆိုတော့ ဝန်ကြီးရုံးကို စာနဲ့တင်ထားတယ်။ ဝန်ကြီးဌာန အချင်းချင်း ညှိပေးမယ်ပြောတယ်။ ဒါမှ မရရင်တော့ သမ္မတရုံးအထိ တင်ပြသွားမယ်” ဟု အမျိုးသားမြို့ပြလေကြောင်း လုံခြုံရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးရဲထွဋ်အောင်က ပြောကြားသည်။

ယင်းသို့ ခရီးသည်များ၏ ခရီးဆောင်အိတ်များအား လေကြောင်းရဲဌာနမှ ပြန်လည်စစ်ဆေးနေခြင်းကြောင့် မလိုအပ်ဘဲ ကြန့်ကြာမှုများဖြစ်ပေါ်နေပြီး ခရီးသည်များ များစွာစိတ်အနှောင့်အယှက်ဖြစ်ရပြီး အဆင်မပြေမှုများ ဖြစ်ပေါ်နေရသည့်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လက်အောက်ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယင်းသို့ ပြန်လည်စစ်ဆေးခြင်း မပြုဘဲ နိုင်ငံတကာစံနှုန်းနှင့်အညီ မသင်္ကာသည့်သူများကိုသာ ကြားပေါက် စစ်ဆေးသည့် စနစ်ကိုသာ အသုံးပြုသင့်ကြောင်း ဌာနအတွင်း အစည်းအဝေးများတွင် နှုတ်ဖြင့်တင်ပြခြင်း၊ လေကြောင်းရဲဌာနသို့ စာပို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ နှုတ်ဖြင့်တင်ပြခြင်း၊ စာပို့ခြင်းများ ပြုလုပ်ခဲ့သော်လည်း လေကြောင်းရဲဌာနမှ လိုက်နာသဘောတူခြင်းမရှိသည့်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ပြည်ထဲရေးဝန်ကြီးဌာနသို့ စာတင်ပြီး ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းနေကြောင်း အချက်အလက်များအရ သိရသည်။

“လက်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေမှာ ဆိုက်ရောက်ခရီးသည်တွေကို ပြန်စစ်နေတဲ့ကိစ္စ၊ ဒီမှာအကြီးမားဆုံးဖြစ်နေတဲ့ ကိစ္စက ရန်ကုန်လေဆိပ်ဆိုရင် လေယာဉ်ပေါ်ကဆင်းလာတဲ့ ခရီးသည်တွေရဲ့ ပစ္စည်းတွေကို ပြန်စစ်တယ်။ ဒါကို ဦးတို့က မစစ်ပါနဲ့ပြောတယ်။ နိုင်ငံတကာမှာဆိုရင် ရန်ကုန်လေဆိပ်မှာ ပစ္စည်းတွေ စစ်ပြီးသွားပြီဆိုရင် ဘန်ကောက်ကိုရောက်တယ်။ ဟိုမှာထပ် စစ်သလားဆိုရင် မစစ်ဘူး။ အကောက်ခွန်က Check တာပဲရှိတယ်။ အကောက်ခွန်က တားမြစ်ပစ္စည်းတွေရှိတယ်။ ဒါတွေကိုစစ်ဖို့က အကောက်ခွန်ရဲ့တာဝန်။ ရဲတာဝန်မဟုတ်ဘူး။ လုံခြုံရေးတာဝန်က မတင်ခင်မှာဘဲ စစ်ရမှာ။ ဆင်းလာတဲ့ပစ္စည်းကို မစစ်ရဘူး။ ဒီမှာက ပြောင်းပြန်ဖြစ်နေတယ်။ တကယ်တမ်းဆိုရင် အမျိုးသားအဆင့်ကော်မတီမှာ ပို့ဆောင်ရေးဝန်ကြီးနဲ့ လေကြောင်းဦးစီးညွှန်ချုပ်က ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးဖြစ်တယ်လေ။ လေဆိပ်လုံခြုံရေးအတွက်ဆိုရင် ဦးတို့အဖွဲ့က ပြောတာကိုပဲ လုပ်စေလိုတယ်။ ထူးခြားသတင်းရလို့ စစ်ချင်ရင် ဦးတို့နဲ့ ညှိနှိုင်းရမယ်။ ပြီးရင် သတင်းပေးရမယ်။ ဒါကလည်း နေရာနဲ့ အချိန်တစ်ခုတော့ရှိရမယ်။ အခုက ဘယ်အချိန်ထိစစ်မယ် ဆိုတာလည်း မပြောဘူး။ အကုန်လုံး ဝင်လာသမျှ စစ်နေမယ် ဆိုရင်တော့ အဆင်မပြေဘူး” လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။