စစ်တွေဆေးရုံကြီး အဆင့်မြှင့်တင်ရန် Master Plan ရေးဆွဲနေပြီး လက်ရှိ ဆေးရုံအတွင်းအပြင် အဆောက်အအုံများတိုင်းတာခြင်းနှင့် အဆင့်အလိုက် ဦးစားပေးလုပ်ဆောင်မည့်လုပ်ငန်းများ သတ်မှတ်ပြီးဖြစ်

စစ်တွေဆေးရုံကြီး အဆင့်မြှင့်တင်ရန် Master Plan ရေးဆွဲနေပြီး လက်ရှိ ဆေးရုံအတွင်းအပြင် အဆောက်အအုံများတိုင်းတာခြင်းနှင့် အဆင့်အလိုက် ဦးစားပေးလုပ်ဆောင်မည့်လုပ်ငန်းများ သတ်မှတ်ပြီးဖြစ်
Published 18 February 2018

ရခိုင်ပြည်နယ် စစ်တွေမြို့ အထွေထွေရောဂါကုဆေးရုံကြီး အရေးပေါ်နှင့် ပြင်ပလူနာဌာနကို တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်)

ရခိုင်ပြည်နယ်ရှိ စစ်တွေအထွေထွေ ရောဂါကုဆေးရုံကြီးကို စံပြဆေးရုံအဖြစ် ဘက်စုံအဆင့်မြှင့်တင်မည်ဖြစ်ပြီး အဆင့်မြှင့်တင်ရေး လုပ်ငန်းများအတွက် Master Plan ရေးဆွဲ လျက်ရှိကြောင်းနှင့် လက်ရှိတွင် ဆေးရုံအတွင်းအပြင် အဆောက်အအုံများတိုင်းတာခြင်း၊ Topographic Survey ပြုလုပ်ခြင်း၊ နှစ်အလိုက် အဆင့်အလိုက် ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းများ သတ်မှတ်ခြင်းတို့  ပြုလုပ်ထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာန/ ဌာနခွဲများအား နှစ်စဉ်ရန်ပုံငွေချထားပေးမှုအပေါ် မူတည်၍ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး စစ်တွေအထွေထွေ ရောဂါကုဆေးရုံကြီး အဆင့်မြှင့်တင်ရန် Master Plan ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးတွင် သွေးလှူဘဏ်ရှိကြောင်းနှင့် နိုင်ငံအနေဖြင့် ဆေးရုံတိုင်းတွင် သွေးလှူဘဏ်ထားရှိရန် မတတ်နိုင်သည့်အပြင် သွေးလှူဘဏ်တစ်ခုတည်ထောင်ရန်မှာ စရိတ်များစွာ ကုန်ကျသော်လည်း မောင်တောခရိုင်အတွင်းရှိ အရေးပေါ်လူနာများကို သွေးသွင်းကုသနိုင်ရန်အတွက် ဘူးသီးတောင်မြို့နယ်၌ သွေးလှူဘဏ် ငယ်တစ်ခု တည်ထောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို နော်ဝေနိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး အဆိုပါကိစ္စ နှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၈ ရက်က နေပြည်တော်တွင် နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms.Tone Tinnes နှင့်အဖွဲ့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင် နေထိုင်သူများအားလုံး ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်နှင့် စစ်တွေပြည်သူ့ဆေးရုံ ဘက်စုံအဆင့်မြှင့်တင်ရေးတို့နှင့် ပတ်သက်၍ဆွေးနွေးခဲ့ပြီး နော်ဝေနိုင်ငံဘက်မှ ဆောင်ရွက်လိုသည့် ကိစ္စများကို ဆွေးနွေးတင်ပြခဲ့ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနဘက်မှလည်း စစ်တွေဆေးရုံကို ဘက်စုံ           အဆင့်မြှင့်တင်သည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ အလှူရှင်အဖွဲ့အစည်းများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း၍ ပူးပေါင်းလုပ်ဆောင်နိုင်ရေး စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအရ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူ့ဆေးရုံ ၂၄ ရုံသို့ ဆေးနှင့် ဆေးရုံသုံးပစ္စည်း ၁၉၇ မျိုးကို ဖြည့်ဆည်းပေးထားပြီး မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲဆေးရုံအတွက်လည်း ဆေးနှင့်ဆေးပစ္စည်းများ၊ ဓာတ်မှန်နှင့်ဓာတ်ခွဲပစ္စည်းများ ထောက်ပံ့ထားရှိပြီးဖြစ်ကြောင်း  သိရသည်။