အမိန့်စာထုတ်ပြီး တားမြစ်ခဲ့သော်လည်း ပြန်လည်ရုပ်သိမ်းခြင်းမရှိသော ဟုမ္မလင်းမြို့နယ်ရှိ တရားမဝင်ရွှေမျော (ရွှေတူးဖော်ရေးလုပ်ငန်းများကို) ထိရောက်စွာအရေးယူပေးရန် လွှတ်တော်တွင်မေးမြန်းမည်

အမိန့်စာထုတ်ပြီး တားမြစ်ခဲ့သော်လည်း ပြန်လည်ရုပ်သိမ်းခြင်းမရှိသော ဟုမ္မလင်းမြို့နယ်ရှိ တရားမဝင်ရွှေမျော (ရွှေတူးဖော်ရေးလုပ်ငန်းများကို) ထိရောက်စွာအရေးယူပေးရန် လွှတ်တော်တွင်မေးမြန်းမည်
Published 13 February 2018

လောင်းမင်းကျေးရွာရှိ ပျက်စီးနေသော လယ်မြေများပေါ်တွင် နွေစပါးစိုက်နေကြစဉ်

အမိန့်စာထုတ်ပြီးတားမြစ်ခဲ့သော်လည်း ပြန်လည်ရုပ်သိမ်းခြင်းမရှိသော ဟုမ္မလင်းမြို့နယ်ရှိ တရားမဝင်ရွှေမျော (ရွှေတူးဖော်ရေး လုပ်ငန်းများကို) ထိရောက်စွာအရေးယူပေးရန် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နတ်နန်းချောင်းအနီး တရားမဝင် ရွှေတူးဖော်သော လုပ်ငန်းများမှ စွန့်ပစ်မြေစာဖုံးလွှမ်းမှုကြောင့် ပျက်စီးခဲ့သော လောင်းမင်းကျေးရွာရှိ လယ်မြေဧက ၁၀၀ ကျော်ကို စစ်ကိုင်းတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအဖွဲ့ မှ လာရောက်ကြည့်ရှုခဲ့ပြီး ကော်မတီအဖွဲ့ဝင် ကနီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရွှင်ဌေးက ပြောကြားသည်။

“ဒီမှာပျက်စီးတဲ့ ဧရိယာပမာဏလေးကို စိုက်ပျိုးရေးနဲ့မြေစာရင်းက ပြုစုပေးလိုက်တယ်။ ပြုစုပေးပြီးတာနဲ့တစ်ပြိုင်နက် ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေထဲက တစ်ယောက်ယောက်က အဲဒီစာရင်းဇယားတွေ ဒေတာတွေနဲ့  ဒီဟာ တွေပျက်ရခြင်းရဲ့ ရည်ရွယ်ချက်အနေနဲ့ ပထမဆုံး ၂၀၁၇ ခုနှစ်တုန်းက တရားမဝင်ရွှေမျောတွေ တားမြစ်တဲ့ စာထုတ်ပြီးတားမြစ်ပိတ်ပင်ထားပါလျက်နဲ့ (စာအမှတ်တော့ သေချာမမှတ်မိဘူးပေါ့) ပြန်လည်ရုပ်သိမ်းခြင်း မရှိတဲ့ဟာတွေကို ထိရောက်စွာအရေးယူပေးဖို့နဲ့  အခုပျက်စီးသွားတဲ့လယ်မြေတွေကို ပြန်လည် ကုစားဖို့ရာအတွက် တိုင်းဒေသကြီးအစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲဆိုတာ လွှတ်တော်မှာမေးခွန်းမေး၊ အဆိုတင်မယ်ဆိုလည်း မျက်မြင်မြင်နေရပြီဖြစ်တဲ့အတွက် ထောက်ခံအားပေးရမှာပေါ့။ မေးခွန်းမေးတဲ့အခါမှာလည်း စိုက်ပျိုးရေးဝန်ကြီးကိုတွန်းအားပေးနိုင်ရင် အကောင်းဆုံးဖြစ်သွားမှာပေါ့” ဟုဦးရွှင်ဌေးက ပြောကြားသည်။

ထို့အပြင် ပျက်စီးသွားသောလယ်မြေများကို ပြန်လည်ပြုပြင်ထိန်းသိမ်းသော လယ်ယာမြေ ပြုပြင်ထိန်းသိမ်းစရိတ် တောင်းပေးနိုင်သည့် ဥပဒေရှိပါက ဒေသခံလယ်သမားများအတွက် အကျိုးရှိနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

“အပေါ်ယံမြေလွှာတွေကိုဖယ်ရှားပြီးတော့ လိုအပ်တဲ့ပံ့ပိုးစရိတ် ရှင်းရှင်းပြောရရင်တော့ လယ်ယာမြေပြုပြင်ထိန်းသိမ်းစရိတ် တောင်းပေးနိုင်တဲ့ဥပဒေ ဒါမှမဟုတ်ရင်လည်း ခုနကပြောခဲ့သလိုပေါ့။ မတည်ထုတ်ချေးငွေ ချေးပေးနိုင်မယ်ဆိုရင်တော့ ဒီဒေသအတွက် အမြန်ဆုံးနဲ့အကောင်းဆုံးသက်သာ ချောင်ချိလာလိမ့်မယ်။ အဲလိုဖြစ်ဖို့ရာရေရှည် ထိန်းသိမ်းနိုင်ဖို့ရာဆိုရင် ဒီမှာရှိနေတဲ့ရွှေမျောတွေကို လုံးဝရပ်တန့်သွားအောင်အထိ ဆောင်ရွက်မှအဆင်ပြေလိမ့်မယ်။ သို့သော်ငြားလည်း သတ္တုဆိုတာရှိနေရက်နဲ့ မတူးဖော်ရင် အချည်းနှီးဖြစ်နေမှာဖြစ်တဲ့အတွက် သတ္တု ဆက်လက်တူးဖော်မယ်ဆိုရင်လည်း စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့အညီတူးဖော်လို့ အခွန်ဘဏ္ဍာရလာပြီဆိုရင်တော့ တစ်ခုဘက်က အားသာချက်တစ်ခုရှိလာရင်တော့ တစ်ခုဘက်က ဆုံးရှုံးမှုကတော့ အနည်းငယ်ရှိတော့ ရှိလာတာပဲ။ ဒီတော့ အားသာချက်နဲ့ အားနည်းချက် မျှခြေတွေကိုက်နိုင်တဲ့အခြေအနေကို ဖန်တီးပေးနိုင်တဲ့ အနေအထားမှသာလျှင် တောင်သူလယ်သမားလည်းအကျိုးရရှိ နိုင်လိမ့်မယ်” ဟု ဦးရွှင်ဌေးက ဆက်လက် ပြောကြားသည်။

နတ်နန်းချောင်းအနီး တရားမဝင်ရွှေတူး ဖော်သောလုပ်ငန်းများမှ စွန့်ပစ်မြေစာဖုံးလွှမ်းမှုကြောင့် လောင်းမင်းကျေးရွာရှိ နွေစပါး လယ်မြေဧက ၁၀၈ ဧကပျက်စီးခဲ့ပြီးထိုလယ်မြေများကို ပြန်လည်ပြုပြင်ပေးစေလိုကြောင်း ဒေသခံလယ်သမားများမှ ပြောကြားသည်။

“လုံး၀ စိုက်လို့မရဘဲ ပျက်စီးသွားတာက ၄၉ ဧကရှိပါတယ်။ အဲဒီမှာ နွံတွေက ခါးလယ်လောက် ဖုံးနေတော့ လုံး၀ စိုက်လို့မရပါဘူး။ နွံတွေ ဒူးလယ်၊ ပေါင်လယ်လောက်ရှိတဲ့ လယ်တွေကျတော့ ရလိုရငြားဆိုပြီး စိုက်ထားတဲ့လယ်ဧက ၅၈ ဧကရှိပါတယ်။ မျိုးစပါးက လည်း ပျိုးထားပြီးသားဆိုတော့ တစ်တင်းပဲ ရရဆိုပြီး စိုက်ကြတာပါ။ စိုက်ထားတာ ရက် ၂၀ ကျော်ရှိလာပေမယ့် စပါးပင်တွေက အခုချိန်အထိ ဘာမှမသိသာလာသေးတော့ ရှင်ပါ့မလား မသိပါဘူး။ အခုပျက်စီးသွားတဲ့လယ်တွေကို လျော်ကြေးပေးဖို့ဆိုပြီး မျောပိုင်ရှင် (ရွှေတူးဖော်သူများ) တွေကလာပြီး ညှိနှိုင်းကြပါတယ်။ ကျွန်တော်တို့ကလျော်ကြေး မလို ချင်ပါဘူး။ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်ခဲ့တဲ့ ဒီလယ်မြေတွေကို ကျွန်တော်တို့ သားမြေးမြစ်တွေပါ ဆက်လက်လုပ်ကိုင်စားသောက်နိုင်အောင် ပြုပြင်ပေးစေချင်တာပါ။ သူတို့မျောတိုက်နေတဲ့ စက်ကြီးတွေနဲ့ ဒီနွံတွေကို ဖယ်ရှားပေးလို့ရပါတယ်။ သူတို့တကယ် လုပ်ပေးချင်ရင်ပေါ့လေ” ဟု ဒေသခံလယ်သမားများမှ ဆိုသည်။

လောင်းမင်းကျေးရွာတွင် အိမ်ခြေ ၁၂၀ ရှိကာ ရွာသားအများစုမှာ လယ်ယာစိုက်ပျိုးရေးကိုသာ အဓိကအားထားနေရသူများဖြစ်ပြီး လယ်မြေများပျက်စီးသွားသဖြင့် အချို့လယ်သမားများသည် စိုက်ပျိုးစရိတ်ချေးငွေပြန်လည် ပေးဆပ်ရန် အခက်အခဲဖြစ်နေရကြောင်း သိရသည်။

Most Read

Most Recent