ရန်ကုန်စည်ပင်ကော်မတီဝင်ကိုးဦးမှ ၁၁ ဦးသို့ တိုးမြှင့်ခဲ့ပြီး မြို့တော်ဝန်ကို သမ္မတက ခန့်အပ်ရမည်ဆိုသည့်အချက် ပယ်ဖျက်ထား

ရန်ကုန်စည်ပင်ကော်မတီဝင်ကိုးဦးမှ ၁၁ ဦးသို့ တိုးမြှင့်ခဲ့ပြီး မြို့တော်ဝန်ကို သမ္မတက ခန့်အပ်ရမည်ဆိုသည့်အချက် ပယ်ဖျက်ထား
Published 5 February 2018

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်များ ရွေးချယ်ရာတွင် ယခင် ကိုးဦးသာရှိရာမှ လက်ရှိဥပဒေကြမ်းတွင် ၁၁ ဦးသို့ တိုးမြှင့်ခဲ့ပြီး နိုင်ငံတော်သမ္မတက မြို့တော်ဝန်အဖြစ် ခန့်အပ်ထားသည့် ဝန်ကြီးဆိုသည့်အချက်ကို ပယ်ဖျက်ထားခဲ့သော်လည်း အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးကို အစိုးရက ခန့်အပ်တာဝန်ပေးသူများတွင် တစ်ပါတည်း သတ်မှတ်ပြီးဖြစ်ရမည်ဆိုသည့်အချက် ဆက်လက် ထည့်သွင်းထားကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေတွင် စည်ပင်ကော်မတီ ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်း စည်ပင်သာယာရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ အစိုးရအဖွဲ့သည် ကော်မတီကို နိုင်ငံသားအဖွဲ့ဝင် ကိုးဦးဖြင့် ဖွဲ့စည်းရမည်ဆိုသည့် အချက်ကို ၁၁ ဦးအဖြစ် ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကြမ်းတွင် တိုးမြှင့် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဥပဒေကြမ်းတွင် ပါဝင်သည့် နိုင်ငံတော်သမ္မတက မြို့တော်ဝန်အဖြစ် ခန့်အပ်ထားသည့်ဝန်ကြီးမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌဆိုသည့် အချက်ကို ယခုဥပဒေကြမ်းတွင် ပယ်ဖျက်ထားသည်။

လက်ရှိ ဥပဒေကြမ်းတွင် ယခင်ကအတိုင်း အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးသူ လေးဦးဆိုသည့် အချက်ကို ဆက်လက်ဖော်ပြထားသော်လည်း မြို့တော်နယ်နိမိတ်အတွင်း စည်ပင်သာယာခရိုင်လေးခရိုင်မှ ခရိုင်တစ်ခရိုင်လျှင် ကိုယ်စားလှယ်တစ်ဦးနှုန်းဖြင့် ရွေးကောက်တင်မြှောက်သူ ကော်မတီဝင် လေးဦးဆိုသည့် ဖော်ပြချက်အစား မြို့တော်နယ်နိမိတ်အတွင်း ကော်မတီဝင် ခြောက်ဦးဆိုသော စကားရပ်ဖြင့် အစားထိုး ဖော်ပြထားကြောင်း သိရသည်။

ထိုသို့ ကော်မတီဝင်ကိုးဦးမှ ၁၁ ဦး၊ နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်သည့် ဥက္ကဋ္ဌဆိုသည့် သတ်မှတ်ချက်များ ပယ်ဖျက်ခြင်း ပြုလုပ်ခဲ့သော်လည်း အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးသူ ကော်မတီဝင်လေးဦး အနက်မှ အတွင်းရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူးတို့ကို တစ်ပါတည်း သတ်မှတ်ပေးရမည်ဆိုသည့်အချက်ကိုမူ ဆက်လက် ထည့်သွင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ခရိုင်စည်ပင်သာယာရေး ကော်မတီကို ပယ်ဖျက်ထားပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းရာတွင်လည်း ယခင်က ရပ်မိရပ်ဖများ ရွေးချယ်သူမှာ ဥက္ကဋ္ဌ၊ အသိပညာရှင် အတတ်ပညာရှင်များနှင့် လူမှုရေးအဖွဲ့အစည်းများက ရွေးချယ်သည့် ကော်မတီဝင်သုံးဦး နေရာများကို ပြည်သူများက ရွေးချယ်သည့် မြို့နယ်စည်ပင်ကော်မတီဝင်များက ဥက္ကဋ္ဌနှင့် ကော်မတီဝင် (၁) နှင့် (၂) အဖြစ် သတ်မှတ်ရမည်ဆိုသည့်အချက်များ ပြောင်းလဲထားကြောင်း သိရသည်။

ထို့ပြင် ကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ ရွေးချယ်ရာတွင် မဲပေးပိုင်ခွင့်ရှိသူများအဖြစ် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းကို မဲပေးနိုင်မည်ဆိုသည့် အချက်အဖြစ် ရွေးကောက်ပွဲ စတင်ကျင်းပသည့် နေ့ရက်၌ အသက် (၁၈) နှစ်ပြည့်၍ ဥပဒေအရ သတ်မှတ်ထားသည့် အရည်အချင်း ပျက်ယွင်းသူ မဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူတိုင်းသည် ဆန္ဒမဲပေးခွင့်ရှိသည်ဆိုသည့်အချက် ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

Most Recent