အင်ဒိုနီးရှားမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အရည်ကျိုရန် ပို့ဆောင်မည့် နိုင်ငံခြားကုန်တင်သင်္ဘော အပျက်တစ်စင်း ငရုတ်ကောင်းမြို့အနီး ပင်လယ်ပြင်တွင် ဝမ်းဗိုက်ပေါက်ပြီး ရေဝင်ကာ သောင်တင်မှုဖြစ်ပွား

အင်ဒိုနီးရှားမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အရည်ကျိုရန် ပို့ဆောင်မည့် နိုင်ငံခြားကုန်တင်သင်္ဘော အပျက်တစ်စင်း ငရုတ်ကောင်းမြို့အနီး ပင်လယ်ပြင်တွင် ဝမ်းဗိုက်ပေါက်ပြီး ရေဝင်ကာ သောင်တင်မှုဖြစ်ပွား
Published 3 February 2018

နိုင်ငံခြားကုန်တင်သင်္ဘော အပျက်တစ်စင်း ငရုတ်ကောင်းမြို့အနီး ပင်လယ်ပြင်တွင် ဝမ်းဗိုက်ပေါက်ပြီး ရေဝင်ကာ သောင်တင်မှု ဖြစ်ပွားစဉ်

ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ ကွင်းဘက်ကျေးရွာအုပ်စု သမ္ဘာန်ကျေးရွာအနီး ဘင်္ဂလားပင်လယ်အော် အတွင်းတွင် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့သို့ သံရည်ကျိုရန် ဆွဲယူလာသည့် နိုင်ငံခြား ကုန်တင်သင်္ဘော အပျက်တစ်စင်းမှာ သင်္ဘောဝမ်းဗိုက်ပေါက်၍ ရေဝင်ရာမှတစ်ဆင့် ဆက်လက်သွားလာ၍ မရတော့ဘဲ သမ္ဘာန်ကျေးရွာ အနီးတွင် လာရောက် သောင်တင်နေလျက်ရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့တွင် အင်ဒိုနီးရှားနိုင်ငံ ပုက္ကလန်းမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ရှိ သံရည်ကျိုစက်ရုံသို့ ပို့ဆောင်ရန်အတွက် အလျား ၇၅ မီတာ အနံ ၁၆ မီတာ ရေစူး ၁၀ ဒသမ ၅၂ မီတာရှိ ကုန်တင်သင်္ဘောဟောင်း တစ်စင်းအား ဆွဲသင်္ဘောတစ်စင်းက ဆွဲယူလာစဉ် မြန်မာ့ရေပိုင်နက်ဖြစ်သည့် သမ္ဘာန်ကျေးရွာအနီး ပင်လယ်အတွင်း၌ သင်္ဘောဝမ်းဗိုက်ပေါက်ကာ ရေများဝင်ရောက်ခဲ့ပြီး ဆက်လက်သွား၍ မရတော့ကြောင်း၊ အဆိုပါသင်္ဘောအား အနီးရှိ တပ်မတော်ရေတပ်စခန်းမှ သွားရောက်စစ်ဆေး၍ ကူညီမှုများ လုပ်ဆောင်နေကြောင်း၊ အဆိုပါသင်္ဘောအား ဆွဲယူလာသည့် ဆွဲသင်္ဘောပေါ်တွင် အင်ဒိုနီးရှားနိုင်ငံသား ကိုးဦးနှင့် မြန်မာစကားပြန်တစ်ဦး လိုက်ပါလာပြီး သင်္ဘောအပျက်ပေါ်၌ မည်သည့်ကုန်ပစ္စည်းများမျှ တင်ဆောင်လာခြင်း မရှိကြောင်း၊ ဝမ်းဗိုက်ပေါက်နေသော သင်္ဘောအပျက်အား ပြန်လည်ပြင်ဆင်ပြီးပါက မူလခရီးစဉ်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက် သွားရောက်မည်ဖြစ်ကြောင်း ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“အင်ဒိုနီးရှားနိုင်ငံ ပုက္ကလန်းမြို့ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ကိုသွားဖို့ ထွက်လာတာ။ အနောက်က သင်္ဘောက သံရည်ကျိုစက်ပို့ဖို့ ဆွဲလာတာ။ သမ္ဘာန်ကျေးရွာနားမှာ သင်္ဘောက ဝမ်းပေါက်သွားလို့ ပြင်ဆင်တာတွေ လုပ်နေတာ။ လုပ်ပြီးရင်တော့ ဆက်ပြီးတော့ ထွက်မှာ။ သူတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ကို ပို့ဖို့ဆိုတာ ဆက်သွားဖို့ပေါ့။ ကွင်းဘက်ကျေးရွာအုပ်စု သမ္ဘာန်ကျေးရွာအနီး မြေပြင်ကနေ ကိုက် ၂၀၀၀ လောက်အကွာမှာ သင်္ဘောဝမ်းပေါက်ပြီးတော့ အဲဒီလိုဖြစ်တာ။ လောလောဆယ်တော့ အုန်းကျွန်းက ဗိုလ်မှူးတစ်ယောက်ရယ်၊ ရေတပ် ၅၅၁ က စီအိုရယ် ရောက်နေပြီးတော့ စစ်ဆေးနေတယ်။ မြန်မာစကားပြန် တစ်ယောက်ပါတယ်။ ကျန်တာကတော့ အင်ဒိုနိုင်ငံသား ကိုးဦးရယ် အားလုံးပေါင်း ၁၀ ဦး။ သင်္ဘောက အနောက်က ဆွဲလာတာက အပျက်။ သံရည်ကျိုစက် ပို့တော့မယ်ကောင်။ အဲဒီကောင်ကို သံရည်ကျိုစက်ပို့ဖို့ ဆိုပြီးတော့ ဆွဲလာပြီးတော့ သမ္ဘာန်လေးရွာနား အရောက်မှာ ဝမ်းပေါက်ပြီးတော့ ခဏသောင်တင်ပြီးတော့ ပြင်နေရတာ။ ရေတပ်နဲ့တော့ အဲဒီလို သတင်းရတယ်” ဟု ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်လင်းက ပြောကြားသည်။

ငပုတောမြို့နယ် အတွင်းရှိ ပင်လယ်ပြင်အတွင်းတွင် ယင်းကဲ့သို့ သင်္ဘောအပျက်များ မကြာခဏ လာရောက် သောင်တင်မှု ဖြစ်စဉ်များရှိခဲ့ပြီး ယခင်ကလည်း ဂက်စ်အိုးများ ပါဝင်သည့် ပိုင်ရှင်မဲ့ ကွန်တိန်နာပုံးများ လာရောက် သောင်တင်သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။