ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီလေးဦးအား ဖမ်းဆီးရမိ

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီလေးဦးအား ဖမ်းဆီးရမိ
Published 1 February 2018

ချင်းပြည်နယ် တီးတိန်မြို့နယ် မွာလ်ဘင်းကျေးရွာနှင့် လေးသော့ကျေးရွာအကြား နားနေဆောင်ဇရပ်တွင် ခိုးဝင်ဘင်္ဂါလီလေးဦး (ကျား ၁ + မ ၃) နှင့်အတူ ခေါ်ဆောင်ပေးလာသော ဆိုင်ကယ်ကယ်ရီသမားနှစ်ဦးတို့ကို ဇန်နဝါရီ ၃၀ ရက်က ဖမ်းဆီးရရှိမိခဲ့ကြောင်း သိရသည်။

“အမျိုးသမီးသုံးဦးနဲ့ အမျိုးသားတစ်ဦးမိတာပါ။ အသက် ၂၀ ဝန်းကျင်တွေပါ။ မိတာက မွာလ်ဘင်းကျေးရွာနဲ့လေးသော့ ကျေးရွာ (တီးတိန်မြို့နယ်) အကြားမှာမိတာပါ။ သူတို့က အိန္ဒိယနိုင်ငံဘက်က လာတယ်လို့ပြောတယ်။ အမှန်က ရခိုင်ပြည်ဘက်ကလာတာပါ။ အဲဒီဘက်က လာပြီး ရန်ကုန်ဘက်ကိုသွားမလို့ပါ။ ဘာသာစကား အခက်အခဲရှိတော့ တော်တော်မေးရပါတယ်။ သူတို့ကို လဝကကနေ လဝကအက်နဲ့ တရားစွဲသွားမှာပါ” ဟု ဖလမ်းမြို့မှ ရဲအုပ်လေးလှိုင်က ပြောကြားသည်။

ဇန်နဝါရီ ၃၀ ရက် ည ၇ နာရီတွင် မသင်္ကာဖွယ်ဘင်္ဂါလီများ ဆိုင်ကယ်ဖြင့်ဖြတ်သွားကြောင်း တီးတိန်မြို့နယ် ဟေလေးကျေးရွာအုပ်ချုပ်ရေးမှူးမှ သတင်းပေးချက်အရ တီးတိန်မြို့နယ် မြို့နယ်ရဲမှူး နေလင်းနှင့်အဖွဲ့သည် ပိတ်ဆို့ရှာဖွေရင်း ဖလမ်းမြို့နယ် ရဲမှူးသန်းနိုင်ထံ ဖုန်းဖြင့်ဆက်သွယ်ပြီး ဖလမ်းမြို့နယ်အတွင်း၌လည်း ပိတ်ဆို့ရှာဖွေပေးရန် အကြောင်းကြားချက်အရ ဖလမ်း-ရိကားလမ်းတစ်လျှောက် ပိတ်ဆို့ရှာဖွေခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၃၁ ရက် နံနက် ၁ နာရီခွဲတွင် တီးတိန်မြို့နယ်ရဲမှူး နေလင်းက ဖလမ်းမြို့နယ် ရဲမှူးသန်းနိုင်ထံ ဖုန်းဖြင့်ဆက်သွယ်၍ ဆိုင်ကယ်ကယ်ရီသမားနှစ်ဦးနှင့် ဘင်္ဂါလီလေးဦးတို့ ဖမ်းဆီးရရှိမိ၍ လာရောက်လွှဲပြောင်းခေါ်ယူရန် အကြောင်းကြားခဲ့သောကြောင့် ဇောင်ကောင်ကျေးရွာတွင် လွှဲပြောင်းလက်ခံယူခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရှိရသည်။

ဖမ်းဆီးရရှိမိသော ဆိုင်ကယ်ကယ်ရီနှစ်ဦးမှာ မောင်ဟရင်ဇာကပ် (မော်စီကျေးရွာ၊ ပျဉ်းခုံကြီးကျေးရွာအုပ်စု၊ ကလေးမြို့နယ်) နှင့် မောင်ဇဗျတ်လျန်နာ (မော်စီကျေးရွာ၊ ပျဉ်းခုံကြီးရွာအုပ်စု၊ ကလေးမြို့နယ်) နှင့်အတူ ဖမ်းဆီးရရှိမိသော ဘင်္ဂါလီအမျိုးသမီးသုံးဦးမှာ မမော်နူရာ (အသက် ၂၁ နှစ်၊ (ဘ) အာမင်နူလာ၊ ဆင်သီဘာရွာ၊ ဘူးသီးတောင်မြို့နယ်) မမော်မီနာ (အသက် ၂၀ (ဘ) အာမင်နူလာ၊ ဆင်ဘာရွာ၊ ဘူးသီးတောင်မြို့နယ်)၊ မရှောင်ဂျီရာ (အသက် ၁၉ နှစ်၊ (ဘ) အာမင်နူလာ၊ ဆင်သီဘာရွာ၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်နုရ်ဘီအီစ္စလမ် (အသက် ၁၉ နှစ်၊ (ဘ) ဦးအာဇီစ်အာမက်၊ ခြင်းသမားအုပ်စု၊ ခြင်းသမားရွာ၊ ဘူးသီးတောင်မြို့နယ်တို့ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ခိုးဝင်ဘင်္ဂါလီလေးဦးသည် လွန်ခဲ့သည့် ရက် ၂၀ ခန့်က ဘူးသီးတောင်မြို့နယ်မှ စတင်ထွက်ခွာလာပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဖြတ်ကျော်ကာ ဖလမ်းမြို့နယ် ရိမြို့ အမှတ် ၂ ရပ်ကွက်သို့ တံတားရှောင်ကွင်းလမ်းမှ ဝင်ရောက်လာပြီး ထိုမှတစ်ဆင့် ကလေးမြို့ စက်မှုဇုန်လမ်းခွဲသို့ ကယ်ရီခတစ်ဦးလျှင် ကျပ် ၈၀၀၀၀ စီဖြင့် ငှားရမ်းခဲ့ကြောင်း၊ တီးတိန်မြို့နယ် မွာလ်ဘဲမ်းကျေးရွာနှင့် လေးသော့ကျေးရွာအကြား နားနေဆောင် ဇရပ်အရောက်တွင် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ခိုးဝင်ဘင်္ဂါလီများအား ခေါ်ဆောင်ပေးခဲ့သူနှစ်ဦးနှင့် ခိုးဝင်ဘင်္ဂါလီလေးဦးကို တရားဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent