ဦးကိုနီနှင့် ဦးနေဝင်းတို့ နှစ်ပတ်လည် (တစ်နှစ်ပြည့်) အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်အနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သဝဏ်လွှာပေးပို့

ဦးကိုနီနှင့် ဦးနေဝင်းတို့ နှစ်ပတ်လည် (တစ်နှစ်ပြည့်) အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်အနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သဝဏ်လွှာပေးပို့
Published 30 January 2018

ဦးကိုနီနှင့် ကိုနေဝင်း တစ်နှစ်ပြည့်အခမ်းအနား ပြုလုပ်နေသည်ကို တွေ့ရစဉ်

ဦးကိုနီနှင့် ဦးနေဝင်းတို့ နှစ်ပတ်လည်အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သဝဏ်လွှာ ပေးပို့ခဲ့သည်။

ဦးကိုနီနှင့် ဦးနေဝင်းတို့ နှစ်ပတ်လည်အောက်မေ့ဖွယ်အခမ်းအနား တစ်နှစ်ပြည့်ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပေးပို့သောသဝဏ်လွှာတွင် ဆရာဦးကိုနီနှင့် ဦးနေဝင်းတို့၏ နှစ်ပတ်လည်အောက်မေ့ဖွယ် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်ရန် ဆန္ဒရှိသော်လည်း လုပ်ငန်းတာဝန်များကြောင့် မတက်ရောက်နိုင်ခြင်းကို နားလည်ပေးပါရန် ဦးစွာပြောကြားလိုကြောင်း၊ ဆရာဦးကိုနီနှင့် ဦးနေဝင်းတို့၏ တစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ဖြစ်မြောက်ရေးအတွက် အခမ်းအနားကျင်းပရေးကော်မတီနှင့် ဝိုင်းဝန်းကူညီပံ့ပိုးကြသူများကိုလည်း အလေးအနက်အသိအမှတ်ပြုကြောင်း စသဖြင့်ဖော်ပြပါရှိသည်။

ထို့အပြင် ဆရာဦးကိုနီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဥပဒေအထောက်အကူပြု အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်သို့သွား၍ ပြည်သူများအား ဥပဒေရေးရာအဖြာဖြာကို အသိပညာနှင့်ဗဟုသုတများ မျှဝေပေးခဲ့ကြောင်း၊ ကိုနေဝင်းမှာလည်း သမ္မာအာဇီဝကျစွာ မိသားစုကိုရှာဖွေကျွေးမွေးနေသော အငှားယာဉ်မောင်းတစ်ဦးဖြစ်ကြောင်း ဆရာဦးကိုနီနှင့် ကိုနေဝင်းတို့သည် အမှန်တရားနှင့် တရားမျှတမှု၏ ဘက်တော်သားများအဖြစ် အသက်ပေးခဲ့ကြကြောင်း၊ ထို့ကြောင့် ၎င်းတို့နှစ်ဦးကို ပြည်သူအများစုက တန်ဖိုးထားလေးစားကြကြောင်း၊ သေသောသူကြာရင်မေ့ဆိုသော်လည်း ၎င်းတို့နှစ်ဦးကို ပြည်သူအများစုက မမေ့နိုင်ကြကြောင်း၊ ၎င်းတို့သည် လူသေသော်လည်း နာမည်မသေသူများဖြစ်ကြကြောင်း၊ အမှန်တရားနှင့် တရားမျှတမှုရှိသော လူ့အဖွဲ့အစည်းဖြစ်စေရန် လူတိုင်းမှာတာဝန်ရှိကြောင်း၊ အမှန်တရားနှင့် တရားမျှတသောလူ့အဖွဲ့အစည်း ဖြစ်ထွန်းပေါ်ပေါက်ခြင်းသည် ဒီမိုကရေစီခိုင်မာစေခြင်းပင်ဖြစ်ကြောင်း၊ ယင်းအပြင် ဒီမိုကရေစီခိုင်မာတောင့်တင်းသည်နှင့်အမျှ အမျိုးသားရင်ကြားစေ့ရေး ပြည်တွင်ငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးများကို များစွာအထောက်အပံ့ဖြစ်စေသည့်အပြင် မိမိတို့မှီတင်းနေထိုင်သည့် နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများ၏ အမျိုးသားအကျိုးစီးပွားကို သယ်ပိုးထမ်းဆောင်ခြင်းလည်းဖြစ်ပါကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပေးပို့သောသဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားသို့ နိုင်ငံရေးနယ်ပယ်မှသူများအပြင် နိုင်ငံတကာမှ သံအမတ်များ၊ ပြည်သူများ၊ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် နိုင်ငံတော်အားအလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲ၌ ခေတ်အဆက်ဆက်တွင်ကျဆုံးခဲ့သည့် ရဟန်းရှင်လူကျောင်းသားပြည်သူ ရဲဘော်အပေါင်းအား အလေးပြုခြင်း၊ ဦးကိုနီနှင့် ဦးနေဝင်းတို့အား အမှတ်တရဂုဏ်ပြုသည့်အနေဖြင့် ရှစ်စက္ကန့် ငြိမ်သက်ခြင်း၊ ဘာသာကြီးလေးခုမှ ဖိတ်ကြားထားသောခေါင်းဆောင်များက အမှတ်တရဂုဏ်ပြုစကားများပြောကြားခြင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သဝဏ်လွှာကိုဖတ်ကြားခြင်း၊ နယ်ပယ်အသီးသီးမှ တက်ရောက်လာသူများက ဂုဏ်ပြုအမှတ်တရစကားများပြောကြားခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဖြစ်သည့် စကော့မာရှယ်က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခြင်းတို့လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီနေ့ဆိုရင် တစ်နှစ်တင်းတင်းပြည့်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအမှုနဲ့ပတ်သက်လို့ မြင်နေကြားနေရတဲ့ လက်ရှိမြေပြင်အခြေအနေတွေဟာ အားရကျေနပ်စရာမရှိတာကြောင့် တရားမျှတမှုကိုလိုလားတဲ့ ကျွန်တော်တို့ ပြည်သူတွေအားလုံး ဒီအမှုနဲ့ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်နေတဲ့ တရားရုံး၊ တရားခံ၊ တရားစီရင်ရေးတွေကို မျက်ခြည်မပြတ်ဘဲ စောင့်ကြည့်လေ့လာသွားဖို့ အလွန်အရေးကြီးတယ်ဆိုတဲ့အကြောင်း ဒီနေရာကနေပြီးတော့ ထပ်မံကြေညာချင်ပါတယ်” ဟု အခမ်းအနားကျင်းပရေးကော်မတီဝင် ဦးထွန်းကြည်က ကျင်းပခြင်း၏ရည်ရွယ်ချက်များကို ပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားသည်။