JICA (Two Step loan) ချေးငွေရယူလိုသော တောင်သူများအနေဖြင့် သက်ဆိုင်ရာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် မြို့နယ်ဘဏ်ခွဲများတွင် အဆိုပြုချေးယူနိုင်

JICA (Two Step loan) ချေးငွေရယူလိုသော တောင်သူများအနေဖြင့် သက်ဆိုင်ရာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် မြို့နယ်ဘဏ်ခွဲများတွင် အဆိုပြုချေးယူနိုင်
Published 29 January 2018

ပဲခူးတိုင်း တောင်ငူခရိုင် ကျေးလက်တစ်ခုတွင် မိုးစပါး စတင်စိုက်ပျိုးစဉ်က မြင်ကွင်း (ဓာတ်ပုံ-ဇော်ဝင်းချစ်)

JICA (Two Step loan) ချေးငွေရယူလိုသော တောင်သူလယ်သမားများအနေဖြင့် သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် မြို့နယ်ဘဏ်ခွဲများတွင် အဆိုပြု ချေးယူနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။

ကျောင်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၏ JICA (Two Step loan) ဖြင့် လယ်ယာလုပ်ငန်းကဏ္ဍ (Farming) နှင့် လယ်ယာကဏ္ဍကို အခြေခံသော စီးပွားရေးလုပ်ငန်းကဏ္ဍ (Agri-business) များအတွက် ချေးငွေထုတ်ချေးရာတွင် လုပ်ကွက်ငယ် တောင်သူလယ်သမားများ အတွက် အကျိုးသက်ရောက်မှု ရှိ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

JICA (Two Step loan) အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ချေးလျက်ရှိပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မြို့နယ်ဘဏ်ခွဲပေါင်း ၂၀၈ ဘဏ်ရှိရာ JICA (Two Step loan) ချေးငွေရယူလိုသော တောင်သူလယ်သမားများ အနေဖြင့် သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် မြို့နယ်ဘဏ်ခွဲများတွင် အဆိုပြုတင်ပြနိုင်ပြီး ဘဏ်မှအဆင့်ဆင့် စိစစ်၍ ချေးငွေ စည်းကမ်းနှင့် ညီညွတ်သူများကို ထုတ်ချေးပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ချေးငွေ ထုတ်ချေးရာတွင် မြေတစ်ဧကမှ ဧက ၅၀ အထိ ပိုင်ဆိုင်သော တောင်သူလယ်သမားတစ်ဦးချင်းအတွက် အများဆုံး ချေးငွေ ပမာဏသည် ကျပ်သန်း ၅၀၊ တောင်သူလယ်သမားအစုအဖွဲ့အတွက် အများဆုံး ချေးငွေပမာဏသည် ကျပ်သန်း ၅၀၀ ဖြစ်ပြီး စတင်ထုတ်ချေးသည့် ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိ နေပြည်တော်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်းနှင့် ဧရာဝတီ စသည်တို့တွင် တောင်သူ ၅၃ ဦးကို ကျပ် ၁၈၅၉ ဒသမ ၁၃ သန်း ထုတ်ချေးခဲ့သည်။