အဆင့်မြင့် ပညာရေးဥပဒေ (မူကြမ်း) သည် ဒီမိုကရေစီစံနှုန်းများနှင့် ဆန့်ကျင်နေခြင်းတို့ကြောင့် အသိအမှတ် မပြုကြောင်း ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂ ကြေညာချက်ထုတ်ပြန်

အဆင့်မြင့် ပညာရေးဥပဒေ (မူကြမ်း) သည် ဒီမိုကရေစီစံနှုန်းများနှင့် ဆန့်ကျင်နေခြင်းတို့ကြောင့် အသိအမှတ် မပြုကြောင်း ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂ ကြေညာချက်ထုတ်ပြန်
Published 27 January 2018

ပညာရေး ဝန်ကြီးဌာနမှ ရေးဆွဲထားသော အဆင့်မြင့် ပညာရေးဥပဒေ (မူကြမ်း) သည် ပါဝင်သင့် ပါဝင်ထိုက်သူများ မပါဝင်ခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ မိခင်ဥပဒေ (Mother Law) ဖြစ်သည့် အမျိုးသား ပညာရေးဥပဒေနှင့် ကိုက်ညီမှုမရှိခြင်း၊ ဗဟိုချုပ်ကိုင်မှု လွန်ကဲခြင်း၊ ဒီမိုကရေစီစံနှုန်းများနှင့် ဆန့်ကျင်နေခြင်း စသည်တို့ကြောင့် အသိအမှတ်မပြုကြောင်း ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂမှ အဆင့်မြင့် ပညာရေးဥပဒေ (မူကြမ်း) နှင့် ပတ်သက်သည့် သဘောထား ကြေညာချက်ကို ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ထုတ်ပြန်ကြေညာချက်တွင် ယင်းကဲ့သို့ ထည့်သွင်းရေးသား ထားခြင်းဖြစ်သည်။

ထုတ်ပြန်ကြေညာချက်၌ ပညာရေးဝန်ကြီးဌာနမှ ရေးဆွဲထားသော အဆိုပါ အဆင့်မြင့် ပညာရေးဥပဒေ (မူကြမ်း) သည် ဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်များတွင် Stake-holders ပါဝင်ခဲ့ခြင်းမရှိဘဲ ပညာရေးဝန်ကြီး ဌာနကသာ စိတ်တိုင်းကျ ရေးဆွဲထားသည့်အတွက် All Inclusiveness မဖြစ်ခြင်းနှင့် ပွင့်လင်းမြင်သာခြင်း မရှိသောကြောင့် ပညာရေးနှင့် ပတ်သက်သည့် Sectorial Law များ ရေးဆွဲရေး လုပ်ငန်းစဉ်များအတွက် ပြဌာန်းထားသော အမျိုးသား ပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို ပညာရေး ဝန်ကြီးဌာနမှ လိုက်နာမှု မရှိခဲ့ကြောင်း၊ အဆိုပါ အစဉ်အလာသည် အဆင့်မြင့်ပညာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အပြုသဘောဆောင်သော အခြေအနေတစ်ရပ် မဟုတ်ဟု အလေးအနက် ယုံကြည်ကြောင်း ရေးသားထားသည်။

အဆိုပါ ဥပဒေသည် ဒီမိုကရေစီစံနှုန်းများနှင့် သွေဖည်ကာ ဗဟိုချုပ်ကိုင်မှု လွန်ကဲစွာဖြင့် ရေးဆွဲထားသော ဥပဒေမူကြမ်း တစ်ရပ်ဖြစ်ခြင်း၊ အဆင့်မြင့်ပညာရေး ဥပဒေ (မူကြမ်း) ပါ ပြဋ္ဌာန်းချက်အချို့သည် ပညာရေးကဏ္ဍ၏ မိခင်ဥပဒေဖြစ်သည့် အမျိုးသား ပညာရေးဥပဒေ (၂၀၁၄) နှင့် အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၅) ပြဋ္ဌာန်းချက်အချို့နှင့် ကိုက်ညီမှု မရှိသည့်အပြင် အချို့ပြဋ္ဌာန်းချက်များသည် အမျိုးသား ပညာရေးဥပဒေကိုပင် ကျော်လွန်နေသည့်အတွက် UTA ကိုယ်စားပြု ကော်မတီမှ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး အသိအမှတ်မပြုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ ထို့ပြင် ဒဂုံတက္ကသိုလ်၊ မအူပင်တက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အဝေးသင် တက္ကသိုလ်များရှိ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂ၏ ညီနောင်တက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂ အသီးသီးမှလည်း ကန့်ကွက်ကြောင်း ကြေညာချက်များကို ထုတ်ပြန်ခဲ့ပြီး တက္ကသိုလ် ဆရာ၊ ဆရာမ အသင်းများ ကိုယ်စားပြုကော်မတီ၏ သဘောထားနှင့် တစ်သားတည်း ရပ်တည်ခဲ့ကြောင်း၊ အမျိုးသား ပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်ဆောင်မည့် အဆင့်မြင့်ပညာရေး ဥပဒေသည် အဆင့်မြင့်ပညာရေးကဏ္ဍ အတွက်သာမက တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် လွန်စွာအရေးကြီးသည့် ဥပဒေတစ်ရပ်အဖြစ် UTA ကိုယ်စားပြုကော်မတီနှင့် ညီနောင် UTA များနည်းတူ ရန်ကုန်အနောက်ပိုင်း UTA မှလည်း အလေးအနက် ယုံကြည်ခံယူထားကြောင်း သဘောထား ကြေညာချက်၌ ထည့်သွင်းဖော်ပြထားသည်။