ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုအကူအညီ အပြည့်အဝပေးရန်နှင့် သတင်းအချက်အလက်များရရှိရေး လုပ်ဆောင်ပေးရန်အပါအဝင် အချက်ငါးချက်အား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ အကြံပြု

ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုအကူအညီ အပြည့်အဝပေးရန်နှင့် သတင်းအချက်အလက်များရရှိရေး လုပ်ဆောင်ပေးရန်အပါအဝင် အချက်ငါးချက်အား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ အကြံပြု
Published 26 January 2018

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့က ဇန်နဝါရီ ၂၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်မှု ပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ အပြည့်အဝပေးရန်နှင့် ပဋိပက္ခဖြစ်ပွားခဲ့သည့် နေရာအားလုံးတွင် သတင်းအချက်အလက်များရရှိရေး လုပ်ဆောင်ပေးရန်အပါအဝင် အချက်ငါးချက်အား အကောင်အထည် ဖော်ရေးကော်မတီကို ပဏာမအကြံပြုခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၈ ရက်စွဲက နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်ဖြင့် ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီ၏ အကြံပေးအဖွဲ့သည် ဖွဲ့စည်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဇန်နဝါရီ ၂၂၊ ၂၃ ရက်များတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒုတိယသမ္မတဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ရခိုင်ပြည်နယ်သို့ သွားရောက်၍ မြေပြင်အခြေအနေလေ့လာမှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက် ဇန်နဝါရီ ၂၅ ရက် ညပိုင်းတွင် ရန်ကုန်မြို့ရှိ Chatrium Hotel  ၌ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီ၏ အကြံပေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် တောင်အာဖရိကကာကွယ်ရေးဝန်ကြီးဟောင်း Mr.Roelf Meyer က သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ သတင်းထုတ်ပြန်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ကထုတ်ပြန်မှုတွင် ၎င်းတို့အဖွဲ့အနေဖြင့် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၂၂ ရက်မှ ၂၅ ရက်အတွင်း လာရောက်ခဲ့ရာ၌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အပါအဝင် ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ်သို့ သွားရောက်ရာတွင်လည်း ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်အပါအဝင် တာဝန်ရှိသူများ၊ ပြည်နယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့်ရခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် အကြံပေးအဖွဲ့ကို ထူထောင်ရသည့် ရည်မှန်းချက်ဖြစ်သည့် ကိုဖီအာနန် အကြံပြုခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့်ကော်မတီအား အထောက်အကူပြု အကြံပေးရမည်ဖြစ်သော်လည်း အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အရေးသည် လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် မဖြေရှင်းနိုင်သည့် အရေးဖြစ်နေသည့်အပြင် အခြားစိန်ခေါ်မှုများလည်း ရှိနေသည်ဟု ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ယခုထုတ်ပြန်မှုတွင် အကြံပေးအဖွဲ့မှ အမေရိကန်သံတမန်ဟောင်း ဘီလ်ရစ်ချတ်ဆင် နုတ်ထွက်သွားမှုကိုလည်း အသိပေးခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းရှိ လူ့အသိုင်းအဝန်းအားလုံးကို တည်ငြိမ်အေးချမ်းရေး၊ သင့်မြတ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာရန် အပြုသဘောဆောင်၍ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုအကြိမ်သည် အကြံပေးအဖွဲ့ဝင်အချင်းချင်း ပထမဆုံးတွေ့ဆုံခြင်းဖြစ်ပြီး နောက်လာမည့် လများအတွင်း အကြိမ်ကြိမ်တွေ့ဆုံ၍ အမြင်ချင်း ဖလှယ်ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် ပဏာမအကြံပြုချက်များကိုလည်း ထုတ်ပြန်မှုတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့က ထည့်သွင်းဖော်ပြခဲ့ရာ ရခိုင်ပြည်နယ် အတွင်းရှိ ဒေသန္တရအဆင့်၊ ပြည်နယ်အဆင့်နှင့် အမျိုးသားအဆင့်အပါအဝင် အုပ်ချုပ်ရေး အာဏာပိုင်အဆင့်ဆင့်နှင့် အနီးကပ် ဆွေးနွေးညှိနှိုင်းမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကို ထိန်းသိမ်းထားသင့်ကြောင်းနှင့် အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များစဉ် ဆက်မပြတ်တိုးတက်မှုရှိစေရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားသင့်ကြောင်း အကြံပြုခဲ့သည်။

ဆက်လက်ပြီး နေရပ်စွန့်ခွာသွားခဲ့ရသူများကို ပြန်လည်လက်ခံရေးနှင့် နေရာပြန်လည်ချထားပေးရေး၏ အမျိုးမျိုးသော အဆင့်တိုင်းအတွက် ပါဝင်ကူညီပေးရန် UNHRC အပါအဝင် UN အေဂျင်စီများကို အစောပိုင်း အချိန်များကတည်းက ဖိတ်ခေါ်သင့်ကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရပိုင်ခွင့်များ အပြည့်အဝပေးရန် အာမခံသင့်ကြောင်းလည်း အကြံပေးအဖွဲ့က အကြံပြုထားသည်။

ထို့ပြင် ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း ရခိုင်ပြည်နယ်အခြေအနေများကို စုံစမ်းစစ်ဆေးရန်အတွက် လွတ်လပ်သည့် အချက်အလက် ရှာဖွေရေးကော်မရှင် ထူထောင်ရန် အကောင်အထည်ဖော်ရေးကော်မတီသည် အမျိုးသားအဆင့် အစဦးလုပ်ဆောင်မှုဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားခဲ့သည့် နေရာအားလုံးတွင် သတင်းအချက်အလက်တွေ ရရှိနိုင်ရေး လုပ်ဆောင်ပေးသွားရန် တိုက်တွန်းကြောင်းလည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော် မတီ၏အကြံပေးအဖွဲ့၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။