YBS စနစ်ပြောင်းလဲမှု ဒုတိယနှစ်စီမံကိန်းတွင် ဘတ်စ်ကားလမ်းကြောင်းများနှင့် Water Bus၊ မြို့ပတ်ရထား၊ လေဆိပ်သို့ယာဉ်လိုင်းများ ချိတ်ဆက်ပြေးဆွဲမည်

YBS စနစ်ပြောင်းလဲမှု ဒုတိယနှစ်စီမံကိန်းတွင် ဘတ်စ်ကားလမ်းကြောင်းများနှင့် Water Bus၊ မြို့ပတ်ရထား၊ လေဆိပ်သို့ယာဉ်လိုင်းများ ချိတ်ဆက်ပြေးဆွဲမည်
Published 25 January 2018

YBS စနစ်ပြောင်းလဲမှု ဒုတိယနှစ်စီမံကိန်းတွင် ဘတ်စ်ကားလမ်းကြောင်းများနှင့် Water Bus၊ မြို့ပတ်ရထား၊ လေဆိပ်သို့ယာဉ်လိုင်းများ ချိတ်ဆက်ပြေးဆွဲမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၄ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

YBS စနစ် စတင်ပြောင်းလဲဆောင်ရွက်ခဲ့သည့် တစ်နှစ်တာအလွန် ဒုတိယစီမံကိန်းတွင် ယင်းကဲ့သို့ ယာဉ်လိုင်းများ ချိတ်ဆက်ပြေးဆွဲနိုင်ရေးကို အဓိကထား အကောင်အထည်ဖော်သွားမည်ဟု YBS စနစ် တစ်နှစ်ပြည့်အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါချိတ်ဆက်ပြေးဆွဲမှုတွင် ပုဂ္ဂလိကယာဉ်လိုင်းကုမ္ပဏီတစ်ခုဖြစ်သော လူထုမိတ်ဆွေအများပိုင်ကုမ္ပဏီက ဘတ်စ်ကားသစ်များဖြင့် YBS ယာဉ်လိုင်းသစ် နှစ်လိုင်းပြေးဆွဲမည်ဖြစ်ပြီး လှော်ကားဂိတ်ရင်းမှ ရန်ကုန်ဘူတာကြီးအထိလည်းကောင်း၊ အနောက်ပိုင်းတက္ကသိုလ် (ထန်းတပင်) ဂိတ်ရင်းမှ ဘူတာကြီးသို့လည်းကောင်း ယာဉ်စီးရေ ၅၀ ဖြင့် ချိတ်ဆက်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ အလားတူ ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည့် ဘက်စုံမြင်ကွင်းကုမ္ပဏီက ရန်ကုန်လေဆိပ်နှင့် ဘူတာကြီးသို့ ယာဉ်စီးရေ ၅၀ ဖြင့် ပြေးဆွဲသွားရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က ပြေးဆွဲခွင့်ချထားပေးပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရေကြောင်းသယ်ယူပို့ဆောင်ရေးဖြစ်သည့် Yangon Water Bus ဆိပ်ကမ်းမှတ်တိုင်များနှင့် YBS ယာဉ်လိုင်းများ ချိတ်ဆက်ပြေးဆွဲနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YBS ယာဉ်လိုင်းသစ်စနစ်တွင် ဝင်ရောက်ပြေးဆွဲနေသည့် Bus Operator ပေါင်း ၂၂ ခုရှိပြီး ယာဉ်စီးရေ ၅၃၀၀ ရှိကြောင်း သိရသည်။ ထို့ပြင် ပုဂ္ဂလိကကဏ္ဍမှ ဝယ်ယူတင်သွင်းထားသောယာဉ်များ၊ အစိုးရအစီအစဉ်ဖြင့် ဝယ်ယူထားသော လိုင်းပြေးဆွဲရန် ကျန်ရှိနေသည့် ယာဉ်လိုင်းသစ်အပါအဝင် စုစုပေါင်းအစီး ၁၀၀၀ နီးပါးခန့်ရှိနေပြီး ခရီးသည်များ၏ လိုအပ်ချက်ပေါ်မူတည်၍ ယာဉ်လမ်းကြောင်းအသစ်များအပြင် ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးကဏ္ဍရှိ ရထား၊ ဘတ်စ်၊ လေဆိပ်၊ ဆိပ်ကမ်းတို့ကို ချိတ်ဆက်ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။