ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တစ်ခုတွင် နွံအိုင်ကန်ပေါက်ကျမှုဖြစ်ပွားပြီး လူခုနစ်ဦးသေဆုံး

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တစ်ခုတွင် နွံအိုင်ကန်ပေါက်ကျမှုဖြစ်ပွားပြီး လူခုနစ်ဦးသေဆုံး
Published 23 January 2018

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကုဋေကျေးရွာအနီးရှိ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တစ်ခုတွင် နွံအိုင်ကန်ပေါက်ကျမှု ဖြစ်ပွားပြီး ကုမ္ပဏီဝန်ထမ်းများနှင့် ပြင်ပမှ ရေမဆေးကျောက်ရှာဖွေသူများ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာအနီးတွင် ဇန်နဝါရီ ၂၀ ရက်၊ ည ၁၁ နာရီဝန်းကျင်ခန့်က မြဥယျာဉ်ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်မှ မြေစာများ စွန့်ပစ်လျက်ရှိသော အကျယ်ပေ ၅၀၀ ခန့်၊ နွံအိုင်အနက် ပေ ၁၅၀ ခန့်၊ မြေပြင်မှ အဆိုပါ နွံအိုင်တာအမြင့်ပေ ၃၀၀ ခန့်ရှိ နွံအိုင်ကန် ကျိုးပေါက်မှုဖြစ်ပွားခဲ့ပြီး ကုန်းအနိမ့်ပိုင်းရှိ ကုမ္ပဏီကင်းတဲမှာ နွံများနှင့် မျောပါသွားခဲ့ကြောင်း၊ အဆိုပါနွံအိုင်ပေါက်ကျမှုကြောင့် ကင်းတဲတွင်ရှိသည့် မြဥယျာဉ်ကုမ္ပဏီဝန်ထမ်း လေးဦးနှင့် ပြင်ပမှ ရေမဆေးကျောက် ဝင်ရောက်ရှာဖွေသူသုံးဦးတို့မှာ နွံအိုင်အတွင်းသို့ နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

နွံအိုင်အတွင်း နစ်မြုပ်သွားသူများအား ကုမ္ပဏီဝန်ထမ်းများ၊ ရေမဆေးကျောက်ရှာဖွေသူများဖြင့် ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရာ နစ်မြုပ်နေသူခုနစ်ဦးအနက် ငါးဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့ မှာ မြဥယျာဉ်ကုမ္ပဏီ ဝန်ထမ်းများဖြစ်သည့် သိန်းတန် (၄၃) နှစ်၊ (ဘ) ဦးစံပိပညာ၊  ချစ် ဖွယ် (၃၂) နှစ်၊(ဘ) ဦးသန်းညွှန့်တို့နှစ်ဦးနှင့် ရေမဆေးကျောက်ရှာဖွေသူများဖြစ်သည့် မျိုးဇော် (၃၇) နှစ်၊ (ဘ) ဦးကံဦး၊ ထွန်းထွန်း ဝင်း (၄၃) နှစ်၊ (ဘ) ဦးစိန်ဝင်းတို့နှစ်ဦးဖြစ်ပြီး တစ်ဦးမှာ အမည်မသိရှိရသေးကြောင်း၊ ဦးသန်းနိုင် (၄၈) နှစ်၊(ဘ) ဦးအောင်သွင်နှင့်  ဦးဝင်ကြိုင် (၄၅) နှစ်၊ (ဘ) ဦးကျော်ငြိမ်းတို့ နှစ်ဦးမှာ နွံအိုင်အတွင်း နစ်မြုပ်ပျောက်ဆုံး နေဆဲဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နွံအိုင်ကန်ပေါက်ကျ၍ လူ သေဆုံးမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် ရဲအုပ်စိုးဦးက လုံးခင်းနယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ရာ အဆိုပါ တိုင်တန်းမှုအား လုံးခင်းနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၈) ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုစစ် ဒုရဲမှူး စိန်မြင့်ထွန်းက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်များနှင့် ဆက်စပ်သည့် ဘေးအန္တ ရာယ်များ မကြာခဏဖြစ်ပွားခဲ့ပြီး လက်ရှိ ဖြစ်စဉ် အပါအဝင် ၂၂ ဦး ထက်မနည်း လူ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း၊ ဇန်နဝါရီ ၄ ရက် က မော်မောင်းဘွမ်ကျေးရွာအနီးတွင် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူခြောက်ဦး သေဆုံးခဲ့ကာ ဇန်နဝါရီ ၆ ရက်တွင် ဝှေခါကျေးရွာအနီးရှိ အဂ္ဂရတနာ ကုမ္ပဏီလုပ်ကွက်အတွင်း ကျောက်ကမ်းပါး ပြိုကျ၍ ရေမဆေးကျောက် ရှာဖွေသူငါးဦး သေဆုံးခဲ့ကြောင်း၊ ဇန်နဝါရီ ၁၀ ရက်ကလည်း နမ့်မော်ကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ မှတ်တမ်းများအရ ၂၀၁၇ ခုနှစ်တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်များနှင့်ဆက်စပ်သည့် ဘေးအန္တရာယ် ဖြစ်ပွားမှုများမှာ မြေပြိုမှုကြောင့် ၄၈ ဦး သေဆုံးကာ ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျောက်ခဲ ထိမှန်မှုကြောင့် ၁၆ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်အတွင်း ယာဉ်/ဘက်ဟိုးဖြင့် ထိခိုက်မှုကြောင့် သေဆုံးသူ ၁၈ ဦးရှိကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent