ငွေကြေးပြတ်လပ်နေသော ဇင်ဘာဘွေအစိုးရက ဒေါ်လာတစ်ဘီလျံတန်ဖိုးရှိ မူဂါဘီတက္ကသိုလ်ထူထောင်ရန် စီစဉ်

ငွေကြေးပြတ်လပ်နေသော ဇင်ဘာဘွေအစိုးရက ဒေါ်လာတစ်ဘီလျံတန်ဖိုးရှိ မူဂါဘီတက္ကသိုလ်ထူထောင်ရန် စီစဉ်
Published 10 August 2017

ဇူလိုင် ၂၉ ရက်က ဟာရာရီအနောက်ဘက် ကီလိုမီတာ ၁၂၀ ခန့်အကွာ ကျေးလက်ရှိ ၎င်း၏ နေအိမ်အနီး စုဝေးမှုတွင် မိန့်ခွန်းပြောနေသော ဇင်ဘာဘွေသမ္မတ မူဂါဘီ (Photo - AFP)

ငွေကြေးပြတ်လတ်နေသော ဇင်ဘာဘွေအစိုးရက အသက် ၉၃ နှစ်ရှိ သမ္မတ ရောဘတ်မူဂါဘီအား ဂုဏ်ပြုရန် ဒေါ်လာ တစ်ဘီလျံတန်ဖိုးရှိ တက္ကသိုလ်တစ်ခု တည်ထောင်ရန် စီစဉ်နေကြောင်း သြဂုတ် ၉ ရက်က ကြေညာခဲ့သည်။ မူဂါဘီသည် ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများ ကျူးလွန်ခဲ့ပြီး နိုင်ငံ့စီးပွားရေးကို ချွတ်ခြုံကျစေခဲ့သည်ဟု စွပ်စွဲခံထားရသည်။

မူဂါဘီအမည်မှည့်ထားသော မြို့တော် ဟာရာရီရှိ အဓိကလမ်းမတစ်ခု၊ ကျေးလက်ရှိ ၎င်း၏ နေအိမ်သို့သွားသည့် အဝေးပြေးလမ်းမတစ်ခု၊ အစိုးရ၏ ထောက်လှမ်းရေးကျောင်း တစ်ကျောင်းအပါအဝင် အဆောက်အအုံ အချို့နှင့်အတူ ယင်းတက္ကသိုလ်လည်း မူဂါဘီအမည်ခံ စာရင်းဝင်ဖြစ်လာမည် ဖြစ်သည်။

ရောဘတ်ဂါဘရီရယ်မူဂါဘီ တက္ကသိုလ် ထူထောင်ရန်အတွက် အစိုးရအဖွဲ့က အတည်ပြုခဲ့ကြောင်း တက္ကသိုလ်၊ ကောလိပ်ပညာရေးဆိုင်ရာဝန်ကြီး ယိုနသန်မိုယိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သမ္မတ မူဂါဘီ၏ ပညာရေးအပေါ် နှစ်မြှုပ်ထားမှုနှင့် ခြွင်းချက်မဲ့ ဦးဆောင်မှုကို အသိအမှတ်ပြုရန် ယင်းတက္ကသိုလ်ထက် ပို၍ကောင်းမွန်သော အရာမရှိနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းဘွဲ့လွန် တက္ကသိုလ်သည် မြို့တော် ဟာရာရီအပြင်ဘက် ၃၅ ကီလိုမီတာ (မိုင် ၂၀) ခန့်အကွာရှိ မာဇိုဝီတွင် တည်ထောင်မည်ဖြစ်ပြီး ဒေါ်လာတစ်ဘီလျံကုန်ကျမည်ဟု မိုယိုက ပြောကြားခဲ့သော်လည်း ယင်းကုန်ကျစရိတ်ကို မည်သို့ထောက်ပံ့မည်ကို ပြောကြားရန် ၎င်းက  ငြင်းဆန်ခဲ့သည်။

ယင်းတက္ကသိုလ်တည်ဆောက်သည့် ကုန်ကျစရိတ်သည် ဒေါ်လာသန်း ၈၀၀ ရှိ မည်ဖြစ်ပြီး သုတေသနနှင့် တီထွင်မှုများအတွက် ထောက်ပံ့မှုသည် ဒေါ်လာသန်း ၂၀၀ ရှိမည်ဖြစ်ကြောင်း၊ ယင်းတက္ကသိုလ်သည် သိပ္ပံ၊ နည်းပညာနှင့် အင်ဂျင်နီယာအပိုင်းတို့ကို အထူးပြုသွားမည်ဖြစ်ကြောင်း မိုယိုက ပြောကြားခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ဇင်ဘာဘွေကို အုပ်စိုးခဲ့သော မူဂါဘီသည် အသက်အရွယ်ကြီးရင့်လာပြီး ကျန်းမာရေးအခြေအနေ အားနည်းလာသော်လည်း လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်မည်ဟု ကြေညာထားသည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဇင်ဘာဘွေစီးပွားရေးသည် ထက်ဝက်ကျဆင်းခဲ့ပြီး အခြေခံဝန်ဆောင်မှု အများအပြား ပြိုလဲခဲ့ကာ အစိုးရဝန်ထမ်း လစာများအတွက် ပြည်သူ့ဘဏ္ဍာအားလုံး၏ ရာခိုင်နှုန်း ၉၀ ကျော်အထိ သုံးစွဲခဲ့ရကြောင်း သိရသည်။ မူဂါဘီသည် တက္ကသိုလ်ဘွဲ့ ခုနစ်ခုနှင့်  ဂုဏ်ထူးဆောင်ဘွဲ့ ၁၁ ခု ရရှိထားကြောင်းအစိုးရ မီဒီယာက ဖော်ပြခဲ့သည်။

Most Read

Most Recent