တည်ဆဲအလုပ်သမားဥပဒေများကို ခေတ်ကာလနှင့်လျော်ညီအောင် ပြင်ဆင်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

တည်ဆဲအလုပ်သမားဥပဒေများကို ခေတ်ကာလနှင့်လျော်ညီအောင် ပြင်ဆင်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 18 January 2018

နေပြည်တော်တွင် ဇန်နဝါရီ ၁၇ ရက်က ပြုလုပ်သည့် (၃) ကြိမ်မြောက် အလုပ်သမားရေးရာဖိုရမ်ကို တွေ့ရစဉ်

တည်ဆဲအလုပ်သမားဥပဒေများကို ခေတ်ကာလနှင့်လျော်ညီအောင် ပြင်ဆင်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ဇန်နဝါရီ ၁၇ ရက်က ပြုလုပ်သည့် (၃) ကြိမ်မြောက် အလုပ်သမားရေးရာဖိုရမ်တွင် ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “ပြည်တွင်းအလုပ်အကိုင်ရရှိရေးက ဆောင်ရွက်လျက်ရှိသလို အလုပ်သမားများ ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်မှု စနစ်တကျဖြစ်စေဖို့နဲ့ အခြေခံအခွင့်အရေးတွေရရှိစေဖို့ မြန်မာအလုပ်သမားတွေ သွားရောက်အလုပ်လုပ်ကိုင်တဲ့ နိုင်ငံအစိုးရတွေနဲ့ G to G အလုပ်သမားစေလွှတ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးပြီး ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေကိုလည်း ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်နေပါတယ်” ဟုပြောကြားသည်။

ထို့ပြင် Labour ကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုအနေဖြင့် ကျန်ရှိသည့် တည်ဆဲအလုပ်သမားဥပဒေများကိုလည်း စိစစ်သုံးသပ်ပြီး ခေတ်ကာလနှင့် ကိုက်ညီစေရန်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း၊ ဆောင်ရွက်ရာတွင် မှန်ကန်မှုရှိပြီး လက်ရှိအခြေအနေကိုထင်ဟပ်သည့် အလုပ်သမားရေးရာ ကိန်းဂဏန်းများရရှိရန် အရေးကြီးသည်နှင့်အညီ ၂၀၁၅ ခုနှစ်တွင် လုပ်သားအင်အား စစ်တမ်းအပြည့်အစုံကို ILO ၏ အကူအညီနှင့် ကောက်ယူခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“နိုင်ငံရဲ့အရေးပါတဲ့ အင်အားစုဖြစ်တဲ့ Workforce နဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေရရှိပြီး ရရှိတဲ့အချက်အလက်တွေကို သက်ဆိုင်တဲ့ဌာန၊ အဖွဲ့အစည်းအားလုံးကိုပေးပို့ပြီး လိုအပ်သလို မျှဝေအသုံးပြုနေပါတယ်။ ဒါကြောင့်မို့လို့ လုပ်သားဈေးကွက်ကို ထင်ဟပ်နိုင်တဲ့မူဝါဒတွေ၊ စီမံချက်တွေ၊ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်တဲ့ လမ်းကြောင်းမှန်ပေါ်ကို ရောက်နေပြီလို့ဆိုရမှာ ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းအချက်အလက်တွေ ကောက်ယူမှုတွေကို ဘဏ္ဍာငွေနဲ့ လူအင်အားအရင်းအမြစ်တွေအပေါ် အခြေခံပြီး နှစ်စဉ်ပုံမှန်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြောကြားသည်။

အလုပ်သမားများ အလုပ်မလုပ်နိုင်တော့သည့်အချိန်တွင် လူမှုရေးဒုက္ခများ လျော့ပါးသက်သာစေရန် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးနေကြောင်း၊ ဥပဒေအရ အကျုံးဝင်အလုပ်သမားဦးရေ တိုးမြင့်လာစေရန် အသိပညာပေးမှုများ ဆောင်ရွက်ပေးနေသလို အာမခံစနစ်အားလုံး အကောင်အထည်ဖော်နိုင်ရန်လည်း အလေးထားဆောင်ရွက်နေကြောင်း ဝန်ကြီးကဆိုသည်။

ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရာတွင် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို သုံးပွင့်ဆိုင်အတည်ပြုနိုင်ခဲ့ပြီး အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေပြင်ဆင်ရေးကို သုံးပွင့်ဆိုင်မိတ်ဖက်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ညှိနှိုင်းခဲ့သည်။ ညှိနှိုင်းဆွေးနွေးချက်မူကြမ်းကိုလည်း လွှတ်တော်သို့ တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိပြီး အလုပ်သမားအဖွဲ့အစည်း ဥပဒေပြင်ဆင်ရေးကိုလည်း သုံးပွင့်ဆိုင်ညှိနှိုင်းကာ မူကြမ်းထွက်ရှိရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။