ပုဂံ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ် အကောင်ရေ တစ်သိန်းအထိ တိုးပွားရန် ရည်မှန်းထားပြီး နေရင်းဒေသများသို့ ပြန်လည်ပို့ဆောင် ပေးလျက်ရှိ

ပုဂံ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ် အကောင်ရေ တစ်သိန်းအထိ တိုးပွားရန် ရည်မှန်းထားပြီး နေရင်းဒေသများသို့ ပြန်လည်ပို့ဆောင် ပေးလျက်ရှိ
Published 17 January 2018

ကြယ်လိပ်များ နေရင်းဒေသပို့ရန် ဆောင်ရွက်နေစဉ်

ပုဂံ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် မြန်မာနိုင်ငံ၌သာ တွေ့ရှိနိုင်သော ကမ္ဘာ့ရှားပါး ကြယ်လိပ် ငါးထောင်ဝန်းကျင်ရှိရာ အကောင်ရေ တစ်သိန်းထိ တိုးပွားရန် ရည်မှန်းထားပြီး မင်းစုံတောင်နှင့် ရွှေစက်တော်ကဲ့သို့ နေရင်းဒေသများသို့ ပြန်လည်ပို့ဆောင် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

“WCS,TSA တို့နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ ဌာနအနေနဲ့ ရေရှည်ရည်မှန်းချက် ထားရှိတာတော့ ခုရာစုနှစ် အတွင်းမှာ အကောင်ရေ တစ်သိန်းအထိ တိုးလာဖို့ ရည်မှန်းချက်ထားပါတယ်” ဟု လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်မှ အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်က ပြောကြားသည်။

“ကျွန်တော်တို့ဆီမှာ လက်ရှိအကောင် ၅၀၀၀ လောက်ရှိတာပေါ့။ အဲဒီထဲကမင်းစုံတောင်ကို ၁၅၀ ပို့တယ်။ ဒီနေ့ ရွှေစက်တော်ကို အကောင် ၆၅၀ ပို့ပါတယ်။ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်မှာ ၂၀၀၁ ခုနှစ်က စတင်မွေးခဲ့တာပေါ့။ အထီး ၄၂ ကောင်၊ အမ အကောင် ၄၀၊ စုစုပေါင်း ၈၂ ကောင်ပေါ့။ ပေါက်ပွားနှုန်း ကောင်းတဲ့အခါကျတော့ ပထမတော့ ဆယ်ဂဏန်းပေါ့။ နောက်တော့ရာဂဏန်းကနေ ခုတေ ာ့ သုံးနှစ်ဆက်တိုက် ထောင်ဂဏန်းပေါ့။ ခုတော့ အကောင် ၅၀၀၀  ဝန်းကျင်ဖြစ်လာပြီ။ အဲဒီတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်အတိုင်း သူတို့ရဲ့ နေရင်းဒေသတွေကို ပြန်လွှတ်နိုင်ဖို့ စီစဉ်ဆောင်ရွက်တာပေါ့” ဟု ဦးရွှေဌေးအောင်က ပြောကြားသည်။

လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်မှ ကြယ်လိပ်များကို ၂၀၀၈ ခုနှစ်တွင် အကောင် ၅၀၊ ၂၀၁၄ ခုနှစ်တွင် အကောင် ၁၅၀ မင်းစုံတောင်၌ လွှတ်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ကောင်ရေ ၁၅၀ ကို ရွှေစက်တော်တွင် လွှတ်ခဲ့ကြောင်း သိရသည်။

ကြယ်လိပ်များကို နေရင်းဒေသ ပို့ဆောင်ခြင်းနှင့် စပ်လျဉ်း၍ ဦးရွှေဌေးအောင်က “ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်ရတာပေါ့။ တစ်ကောင်ချင်းစီရဲ့ အတိုင်းအတာတွေ၊ အလေးချိန်တွေကို မှတ်တမ်းတင်တယ်။ လိပ်တွေကို ကျန်းမာရေးအတွက် စစ်ဆေးတယ်။ သန်ချဆေးထိုးတယ်။ လိပ်တွေရဲ့ ကျောခွံတွေပေါ်မှာ နောက်ယောင်ခံ ကိရိယာ တပ်ပေးတယ်။ Micro chip တွေ ကိုယ်ထဲထည့်သွင်းပေးတယ်။ ဒါတွေဟာလိပ်တွေရဲ့ လှုပ်ရှားသွားလာမှုတွေ ကြည့်ရတာပေါ့။ ဘေးမဲ့တောတွေထဲမှာ ပထမ soft release လို့ခေါ်တဲ့ ခြံကျယ်ကြီးတွေမှာ ပထမဆုံး ထားရတာ။ အဲဒီလိုထားပြီးမှ ခြံတွေကို ခွာချပေးလိုက်မှာ။ နေသားကျသွားအောင်လို့ပါ။ တောထဲနေဖို့ အလေ့အကျင့် ဖြစ်သွားတာပေါ့။ ကျွန်တော်တို့အနေနဲ့ WCS နဲ့ TSA အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ” ဟု ပြောကြားသည်။

“အရင်တုန်းက လွှတ်ခဲ့တာလည်း အောင်မြင်တယ် ပြောရမှာပေါ့။ စောင့်ကြည့်အဖွဲ့တွေနဲ့ စောင့်ကြည့်တဲ့အခါ နေရင်းဒေသ မင်းစုံဒေသမှာ အကောင် ၅၀ လောက် အကောင်ပေါက်လေးတွေ တွေ့ရပြီဆိုတော့ အောင်မြင်တယ် ပြောရမှာပေါ့။ စလုပ်တဲ့ အခါဖြစ်လို့ လုပ်ရင်းသင် သင်ရင်းလုပ်ရတာလေးတွေ ရှိတာပေါ့။ ၂၀၀၈ တုန်းကဆိုရင် ဌာနက ဖွဲ့ပေးတဲ့အဖွဲ့မှာ ကျွန်တော်တို့လည်း ပါတာပေါ့။ လွှတ်ကြတယ်။ ပြီးတော့ ၁၄ ရက်လောက် စောင့်ကြည့်တယ်။ စောင့်ကြည့်ဖို့ သင်တန်းလည်း ပေးရတယ်။ သူတို့ကို ဘယ်လို ရှာဖွေမယ် စောင့်ရှောက်ရမယ်ဆိုတဲ့ သင်တန်းမျိုးပေါ့။ အချိန်ကိုလည်း ခန့်မှန်းရတယ်။ မြက်နုလေးတွေထွက်တဲ့ မိုးရာသီမျိုး သူတို့ဘာသာသူတို့ ရှာဖွေစားနိုင်အောင် သူတို့ကို ပြန်ရှာနိုင်မယ့် ရေဒါအင်တာနာတွေ ကျောမှာ တပ်ပေးပြီး စနစ်တကျ လွှတ်ခဲ့တာပေါ့။ ဒါပေမဲ့ သူတို့က လူနဲ့ယဉ်ပါးနေတော့ လူဆီကိုသွားတာဗျ။ ဒါမျိုးတွေ ဆင်ခြင်ပြီးတော့ Hard release လုပ်ဖို့မဖြစ်နိုင်ဘူး ဆိုပြီးတော့ ငါးဧကလောက် ကျယ်တဲ့ခြံမှာ အကောင် တစ်ရာလောက်ကို သူ့ဘာသာသူ တောထဲနေထိုင် စားတတ်အောင် အရိုင်းစိတ် ဖြစ်လာအောင် soft release လုပ်ပြီးမှ ခြံတွေကို ဟပေးလိုက်တာပေါ့” ဟု ဦးရွှေဌေးအောင်က ပြောကြားသည်။

“အစတုန်းက ဖမ်းဆီးရမိတဲ့ လိပ်လေးတွေကို ပြုစုစောင့်ရှောက်ရာကနေ WCS လို အဖွဲ့နဲ့ ပူးပေါင်းပြီး ခုလိုခြံကြီးတွေနဲ့ ဖြစ်လာတာပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ နေရင်းဒေသကိုလည်း ပြန်ပို့နိုင်တာပေါ့။ ဂုဏ်ယူစရာ ကောင်းတာက ကမ္ဘာမှာ ကျွန်တော်တို့ မြန်မာနိုင်ငံထဲမှာသာရှိတဲ့ ကြယ်လိပ်က ကျွန်တော်တို့ နိုင်ငံမှာ အမြဲမပြတ် ရှိသွားမယ့် အနေအထားမျိုး ဖြစ်နေပြီ” ဟု ပြောကြားသည်။

ကြယ်လိပ်များ နေထိုင်ကျက်စားခဲ့သည့် နေရင်းဒေသများမှာ ရွှေစက်တော်၊ မင်းစုံတောင်၊ ချပ်သင်း၊ အလောင်းတော်ကဿပ၊ မဟာမြိုင်ဒေသများတွင် ကျက်စားခဲ့ရာ အဆိုပါ ဒေသများသို့ ပြန်လည်ပို့လွှတ်နိုင်ရန် ဦးတည်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ကြယ်လိပ်များသည် သက်တမ်းအနှစ် ၈၀ ဝန်းကျင်အထိ ရှင်သန်နိုင်ကြောင် းသိရသည်။