ငါန်းဇွန်မြို့နယ်တွင် မြေနုကျွန်းခွဲဝေပေးမှုနှင့် ပတ်သက်၍ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့် တရားစွဲဆိုခြင်း ခံထားရသည့် ဒေသခံတောင်သူ ၁၇ ဦးကို အလုပ်နှင့်ထောင်ဒဏ် ခြောက်လချမှတ်

ငါန်းဇွန်မြို့နယ်တွင် မြေနုကျွန်းခွဲဝေပေးမှုနှင့် ပတ်သက်၍ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့် တရားစွဲဆိုခြင်း ခံထားရသည့် ဒေသခံတောင်သူ ၁၇ ဦးကို အလုပ်နှင့်ထောင်ဒဏ် ခြောက်လချမှတ်
Published 13 January 2018

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာတွင် ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်ခဲ့ကြသည့် မြေယာများကို မြေနုကျွန်းအဖြစ် ခွဲဝေချထား ပေးခဲ့သည့် ကိစ္စရပ်နှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃ တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် ဒေသခံတောင်သူ ၁၇ ဦးကို ဇန်နဝါရီ ၁၂ ရက်က ငါန်းဇွန်မြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ခြောက်လချမှတ်ခဲ့ကြောင်း ဒေသခံတောင်သူများထံမှ စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာတွင် ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်ခဲ့ကြသည့် မြေယာများကို မြေနုကျွန်းမြေအဖြစ် ခွဲဝေချထားပေးခဲ့မှုအပေါ် ဒေသခံတောင်သူများက မကျေနပ်သဖြင့် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ခြင်း၊ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ မြေနုကျွန်းမြေအဖြစ် ကန့်ကွက်ခဲ့မှုအပေါ် ဒေသခံတောင်သူ ၁၈ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃၊ လယ်ယာမြေ ဥပဒေပုဒ်မ ၃၅ တို့ဖြင့် ၂၀၁၆  ခုနှစ်အတွင်းက အမှုဖွင့်ခံခဲ့ရကာ ယခု ၂၀၁၈ ဇန်နဝါရီ ၁၂ ရက်တွင် ငါန်းဇွန်မြို့နယ် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၅၃ ဖြင့် တောင်သူ ၁၇ ဦးကို ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ခြင်းဖြစ်ကာ လယ်ယာမြေ ဥပဒေပုဒ်မ ၃၅ ဖြင့် စွဲဆိုထားမှုကို ပလပ်ပေးခဲ့ကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက် ပေးခဲ့သူ အထက်တန်းရှေ့နေ ဦးဆန်းထွန်းအောင်က ပြောကြားသည်။

“မြေနုကျွန်းမြေကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့တောင်သူ စုစုပေါင်း ၁၇ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၅၃ နဲ့ အလုပ်နဲ့ထောင်ဒဏ် ခြောက်လချမှတ် လိုက်တာပါ။ လယ်ယာမြေဥပဒေနဲ့ စွဲဆိုထားတဲ့ ပုဒ်မကတော့ လွှတ်ပေးလိုက်တယ်။ အမှုကတော့ သုံးမှုပါ။ ပုဒ်မ ၃၅၃ နဲ့အမှုက နှစ်မှုဖြစ်ပြီးတော့ လယ်ယာမြေ ဥပဒေနဲ့ စွဲဆိုထားတာက တစ်မှုဖြစ်ပါတယ်။ အဲဒီထဲကမှ တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြစ်တဲ့ ဥပဒေပုဒ်မ ၃၅၃ နဲ့ ထောင်ဒဏ်ခြောက် လချမှတ်လိုက်တာ ဖြစ်ပါတယ်။ တောင်သူတွေက သူတို့ယာမြေကို ဖျက်ဆီးခံရမှာမို့ တားခဲ့ကြတာ၊ ဖျက်ဆီးတာမဟုတ်ဘူး။ အမှုကိုတော့ အယူခံ ဆက်တက်သွားမှာပါ” ဟု အဆိုပါ တောင်သူများ၏ အမှုအား လိုက်ပါဆောင်ရွက် ပေးခဲ့သည့် အထက်တန်းရှေ့နေ ဦးဆန်းထွန်းအောင်က ပြောကြားသည်။

“အမှုသုံးမှုနဲ့ စွဲထားတဲ့ထဲက လယ်ယာမြေဥပဒေနဲ့အမှုက လွတ်တယ်။ တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ စွဲဆိုထားတဲ့ နှစ်မှုနဲ့ တောင်သူ ၁၇ ဦးကို ထောင်ဒဏ်ခြောက်လ ချလိုက်တာ။ စုစုပေါင်း တရားစွဲဆိုခံခဲ့ရတာက တောင်သူ ၁၈ ဦးပါ။ တစ်ဦးပဲ လွတ်တာပါ။ အခုလို အမိန့်ချလိုက်တာက တရားမျှတမှုမရှိဘူးလို့ ပြောချင်တယ်။ ကျွန်တော်တို့ အခုအမိန့်ကို အယူခံဆက်တက်ဖို့ရှိသလို သက်ဆိုင်ရာ အထက်အဆင့်ဆင့်အထိ တက်သွားမှာပါ။ ဒီအမှုကို ကျွန်တော်ကိုယ်တိုင် သက်သေလိုက်ပြီး ထွက်ဆိုခဲ့ပါတယ်။ လယ်ယာမြေ ကော်မတီတွေရဲ့ ဥပဒေနဲ့ မညီညွတ်တာတွေကို သက်သေထွက်ဆိုပေးခဲ့တယ်။ မတရားလုပ်နေသူတွေ ဥပဒေနဲ့ မညီတဲ့သူတွေကိုတော့ အရေးမယူဘဲ ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားသောက်နေတဲ့ တောင်သူတွေကိုတော့ တရားစွဲထောင်ချတယ်။ လုံးဝမတရားဘူး။ ကျွန်တော်တို့ တောင်သူတွေက ဒါကိုလုံးဝမကျေနပ်နိုင်ဘူး။ တရားမျှတမှုမရှိဘူး” ဟု ငါန်းဇွန်မြို့နယ် အတွင်းမှ ဒေသခံတောင်သူတစ်ဦးက ပြောကြားသည်။

မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ငါန်းမြာကြီး ကျေးရွာတွင် ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်ခဲ့ကြသည့် မြေယာများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက မြေနုကျွန်းမြေအဖြစ် သတ်မှတ်လုပ်ဆောင်ခဲ့မှုအပေါ် ဒေသခံတောင်သူများက မကျေနပ်သဖြင့် ၂၀၁၇ ခုနှစ် မေလအတွင်းက မန္တလေးမြို့သို့ လာရောက်၍ အဆိုပါဝန်ကြီးကို ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြေနုကျွန်းပေါ်တွင် ၂၀၁၆ ခုနှစ်အတွင်းက ခွဲဝေချထားကာ လုပ်ကိုင်ခဲ့သည့် တောင်သူဦးရေမှာ ၁၈၇၇ ဦးရှိခဲ့ကာ နှစ်စဉ် မြေနုကျွန်းဧကမှာ ၁၉၂၆ ဧကခန့် ပေါ်ထွက်လေ့ရှိကြောင်း သိရသည်။