ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က အိတ်ဖွင့်တင်ဒါခေါ်ယူမှုအပေါ် ဝေဖန်မှုရှိနေ

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က အိတ်ဖွင့်တင်ဒါခေါ်ယူမှုအပေါ် ဝေဖန်မှုရှိနေ
Published 8 January 2018

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်းတစ်နေရာကို တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း လုပ်ငန်းဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က အိတ်ဖွင့်တင်ဒါခေါ်ယူရာ၌ တင်ဒါတင်သွင်းမည့် ကုမ္ပဏီများ လိုက်နာရမည့် စည်းကမ်းချက် ၂၇ ချက်ထုတ်ပြန်ခဲ့မှုအပေါ် ဝေဖန်မှုများရှိနေကြောင်း သိရသည်။

ဇန်နဝါရီ ၂ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လူမှုကွန်ရက် Facebook စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သော ၎င်းလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်း တင်ဒါခေါ်ယူမှု၌ ပါဝင်ခဲ့သည့် တင်ဒါတင်သွင်းမည့် ကုမ္ပဏီများလိုက်နာရန် စည်းကမ်းချက် ၂၇ ချက်တွင် အချက်အချို့၌ တင်ဒါယှဉ်ပြိုင်မည့် ကုမ္ပဏီများအနေဖြင့် ၎င်းလုပ်ငန်းနှင့် ပတ်သက်၍ ရွေးချယ်မှုအပေါ် မီဒီယာနှင့် လူမှုကွန်ရက်ပေါ်၌ ရေးသားပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု ဖော်ပြပါရှိသောကြောင့် တိုင်းဒေသကြီးအစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုအပေါ် အဟန့်အတား ပြုလုပ်နေသည့် သဘောဖြစ်ကြောင်း ဝေဖန်မှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

“အစိုးရအဖွဲ့က ကြေညာထားတဲ့ လျှပ်စစ်တင်ဒါစည်းကမ်းချက်ထဲက နံပတ် ၂၄ အရ ‘တင်ဒါတင်သွင်းယှဉ်ပြိုင်သူများသည်  လူမှုကွန်ရက်စာမျက်နှာများနှင့် မီဒီယာများတွင် တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့အား အများပြည်သူမှ အထင်အမြင်လွဲမှားစေသော ရေးသားမှုများ၊ ပြောဆိုမှုများ ပြုလုပ်ပါက တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားစွဲဆို၍ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းကုမ္ပဏီအား တင်ဒါယှဉ်ပြိုင်မှုမှပယ်ဖျက်မည်” လို့ ပါတယ်။ ပြည်သူတွေအနေနဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ကိစ္စတွေကို ပြောလို့ရတယ်။ ပြောလည်းပြောရမယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေအနေနဲ့သိခွင့်ရှိတယ်။ ပြည်သူတွေအနေနဲ့ ပြောခွင့်ရှိတယ်။ ကိုယ်ပြောတာ ကိုယ်တာ ဝန်ယူမှုရှိဖို့လည်း လိုအပ်တယ်။ အဲဒီတော့  ပြည်သူတွေက အစမ်းသပ်ခံဖြစ်ခဲ့တာတွေ ဆုံးရှုံးနစ်နာမှုတွေ တော်တော်များခဲ့တာတွေဟာ ပွင့်လင်းမြင်သာမှုမရှိခဲ့လို့၊ နောက်တစ်ခုက ဒီတိုင်းအစိုးရအနေနဲ့ ပြည်သူ့အသံ နားထောင်မှု အားနည်းခဲ့တာလို့ပဲ ပြောချင်တယ်။နံပါတ် ၂၄ အချက်ကိုကြည့်မယ်ဆိုရင် တင်ဒါတင်သွင်းသူများက အများပြည်သူ အထင်မြင်လွဲမှားစေသော ရေးသားမှု ပြောဆိုမှုတွေကိုလုပ်ရင် ထိထိရောက်ရောက်အရေးယူမှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ဒီလိုဆိုတဲ့အတွက် တိုင်းအစိုးရအနေနဲ့လည်း ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်တယ်။ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင်တော့ ထင်ယောင်ထင်မှားဖြစ်စရာတွေ အထင်မြင် လွဲမှားစရာတွေကရှိမှာပဲ။ ပြဿနာကရှိမှာ ပါပဲလို့ပြောချင်တယ်။ ဒါနဲ့ပတ်သက်လို့ နောက်ဆုံးပြောချင်တာက ဒီမိုကရေစီကို အဓိပ္ပာယ်ဖွင့် အကောင်အထည်ဖော်နေတဲ့ ဒီတနင်္သာရီတိုင်း အစိုးရအနေနဲ့ကလည်း တနင်္သာရီတိုင်းအတွင်းက ပြည်သူတွေကို ဒီမိုကရေစီရဲ့ သဘောသဘာဝတွေကို မှန်မှန်ကန်ကန် အဓိပ္ပာယ်ဖွင့်ပြဖို့ လိုအပ်နေပြီလို့ ပြောချင်ပါတယ်” ဟု လူထုအလင်းရောင်ကွန်ရက် (ထားဝယ်) အဖွဲ့ဝင်ဖြစ်သည့် ထားဝယ် တက်ကြွလူငယ်အဖွဲ့ခေါင်းဆောင် ကိုဝေဖြိုးက ပြောကြားသည်။

ထို့ပြင် ၎င်းတင်ဒါတင်သွင်းသူများ လိုက်နာရမည့် စည်းကမ်းချက် ၂၇ ချက်တွင် ထားဝယ်ခရိုင်အတွင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ၏ (ထုတ်လုပ်ယူနစ်ပေါင်း × ၁၃၀ ကျပ်) နှုန်းဖြင့် အခြေခံ၍ သုံးလအတွက် တင်ဒါအာမခံစပေါ်ငွေအား စာချုပ်ချုပ်ဆိုပြီး နှစ်ပတ်အတွင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး ဘဏ္ဍာရေးဌာနတွင် ပေးသွင်းရမည်ဖြစ်ကြောင်း၊ တင်ဒါအောင်မြင်သောကုမ္ပဏီသည် လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုပြီး ၁၅ ရက်အတွင်း ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းတန်ဖိုး၏ ငါးရာခိုင်နှုန်းနှင့် ညီမျှသောငွေကို မြန်မာ့စီးပွားရေးဘဏ်တွင် ဘဏ်အာမခံ လက်မှတ်ပြုလုပ်၍တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ဘဏ္ဍာရေးဌာနတွင် တင်ပြအပ်နှံရမည်ဟု ဖော်ပြပါရှိသောကြောင့်  တင်ဒါအောင်မြင်သော ကုမ္ပဏီအနေဖြင့် နှစ်ပတ်အတွင်း ငွေကြေးအမြောက်အမြား ပေးသွင်းရမည်ဖြစ်၍ လုပ်ငန်းလည်ပတ်မှုအပေါ် ထိခိုက်မှုရှိနိုင်သည့်အပြင် ယင်းစည်းကမ်းချက်ကြောင့် လုပ်ကိုင်နိုင်စွမ်းရှိသည့် ဘဏ္ဍာရေးအင်အားနည်းပါးသော ကုမ္ပဏီများယှဉ်ပြိုင်မှုကို အတားအဆီးဖြစ်စေသည်ဟု လုပ်ငန်းရှင်များအကြား ဝေဖန်မှုထွက်ပေါ်နေကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ပြိုင်မပြိုင်ကို ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်တွေနဲ့အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ဖို့ရှိတယ်။ အခုလို တင်ဒါထပ်ခေါ်တာကတော့ စာချုပ်အတိုင်း လုပ်တာပါပဲ။ စာချုပ်ထဲမှာ ခြောက်လပြည့်ရင် သက်တမ်းတိုးဖို့ရေးထားတာပါ။ ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့ လုပ်ငန်းရှင်တစ်ဦးအနေနဲ့တော့ လုပ်ငန်းတစ်ခုက ခြောက်လပဲ သက်တမ်းရှိနေမယ်ဆို အဆင်မပြေဘူး။ လျှပ်စစ် လုပ်ငန်းက ရင်နှီးမြှုပ်နှံမှုလုပ်လိုက်ပြီဆိုရင် အနည်းဆုံး ငါးနှစ်လောက်မှ အဆင်ပြေတယ်။ လျှပ်စစ်ထုတ်လုပ်တဲ့ ဥပမာ ရေအားလျှပ်စစ်တွေ ထုတ်တာမျိုးဆိုရင်နှစ် ၃၀ တွေပေးတယ်။ ဒါမှလုပ်တဲ့သူက အရင်းကျေတာပါ။ လျှပ်စစ်လုပ်ငန်းက အခုလုပ် အခုအရင်း မကျေပါဘူး။ ကျွန်တော်တို့ အခုခြောက်လအတွင်းမှာ လမ်းမီးတွေ ဘာတွေ ထည့်လိုက်တာ တော်တော်များတယ်။ ကားတွေလည်း ဝယ်ရတယ်။ ရင်းနှီးမြှုပ်နှံမှုက စာချုပ်ထဲကအတိုင်း သိန်းပေါင်း  ၈၀၀၀ လောက် ထည့်ခဲ့ရတယ်။ ဒီတော့ ဒါက အရင်းကျေဖို့မလွယ်ဘူး။ နောက်တစ်ခု ကျွန်တော်တို့တင်ရတဲ့ Deposit (လျှပ်စစ်ထုတ်လုပ်သည့် ကုမ္ပဏီထံပေးရသောငွေ) ကလည်း ငွေတိုးနဲ့တွက်ရင် မကိုက်ဘူး။ ဒေသအတွက်ဆိုပြီး ကျွန်တော်တို့အများပိုင်ကုမ္ပဏီက ဝင်လုပ်တာပါ။ ရိုးရိုးကုမ္ပဏီတစ်ခုအနေနဲ့ဆို ဝင်ပြိုင်ဖို့မလွယ်ပါဘူး” ဟုလက်ရှိ ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းလုပ်ကိုင်နေသည့် ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ (DDPC) မှ ဒုဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်  DDPC ကုမ္ပဏီတို့အကြား ချုပ်ဆိုထားသည့် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းသဘောတူစာချုပ်အရ ဒီဇင်ဘာ ၂၆ ရက်က ခြောက်လပြည့်ခဲ့သော်လည်း တင်ဒါခေါ်ယူပြီး နောက်ထပ်ဖြန့်ဖြူးရေးလုပ်ကိုင်မည့် ကုမ္ပဏီကို မရွေးချယ်ခင် အချိန်အထိ လက်ရှိလျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ပေးရန် တိုင်းဒေသကြီးအစိုးရဘက်မှ ကုမ္ပဏီအား စာပေးပို့ထားကြောင်း၊ DDPC ကုမ္ပဏီအနေဖြင့် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းကို အရှုံးခံဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အရင်းမကျေသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတင်ဒါခေါ်ယူမှု၌ စည်းကမ်းချက်များ တိုးမြှင့်ထားခြင်း များပြားနေမှုနှင့် ပတ်သက်၍ လုပ်ငန်းရှင်များအကြား ဝေဖန်မှုရှိနေသည့်အပေါ်တွင် ပြည်သူအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန် ယခင်က လုပ်ဆောင်ခဲ့သည့် အားနည်းချက်များကို ပြန်ယူ၍ လိုအပ်ချက်များကို ပြင်ဆင်ရန် စည်းကမ်းချက်များကို ထပ်မံဖြည့်ဆွက်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောကြားသည်။

“စည်းကမ်းချက်တွေ ဘာလို့တိုးသလဲဆိုရင် ရှေ့ကလုပ်ခဲ့တဲ့ အားနည်းချက်တွေကို  ပြည်သူအတွက် အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးချင်လို့ ကျွန်တော်တို့ဘက်က လိုအပ်တာတွေရှိရင် ပြင်ရမယ်လေ။ ပြင်တော့ အချို့အချက်အလက်တွေက တိုးလာတာတွေ ဖြစ်တာပေါ့” ဟု တိုင်းဒေသကြီးအစိုးရ အဖွဲ့လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောကြားသည်။

လက်ရှိ ထားဝယ်ခရိုင် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းတင်ဒါ ထပ်မံခေါ်ယူသည့် အချိန်တွင် ယူနစ်ဈေးနှုန်းများ လျော့ကျလာမှု ရှိ မရှိ မှာ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်သကဲ့သို့ ကုမ္ပဏီများဘက်မှ တင်ပြလာသည့် အပေါ်တွင်လည်း မူတည်ကြောင်း၊ လျှပ်စစ်ယူနစ်ဆုံးရှုံးမှုများ လျော့နည်းလာပါက ဈေးနှုန်းကို လျှော့ချနိုင်သော်လည်း လက်ရှိအနေအထားအရ ဓာတ်အားလိုင်းပေါ်၌ ယူနစ်ဆုံးရှုံးမှုများမှာ ရာခိုင်နှုန်း ၃၀ ခန့် အထိရှိနေကြောင်း ဦးကြည်လှိုင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လမှစတင်၍ GGS ကုမ္ပဏီက ကံပေါက်ဒေသတွင် လျှပ်စစ်ထုတ်လုပ်ပြီး ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းကို DDPC ကုမ္ပဏီ လုပ်ဆောင်နေသည့် ၎င်းစီမံကိန်းမှာ ခြောက်လပြည့်ပြီးနောက် စာချုပ်ပါ အချက်အလက်များအရ လျှပ်စစ်ဖြန့်ဖြူးရေး ဆက်လက်လုပ်ကိုင်မည့် ကုမ္ပဏီကို ထပ်မံရွေးချယ် ရန်တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းအတွက် တင်ဒါခေါ်ယူမှုအပေါ် ဝင်ရောက်ယှဉ်ပြိုင်ရန် စိတ်ဝင်စားနေသည့် ကုမ္ပဏီများရှိနေပြီး တိုင်းဒေသကြီး အစိုးရအနေဖြင့် ဇန်နဝါရီ ၃ ရက်မှ စတင်ကာ လျောက်လွှာဖောင်များ စတင်ရောင်းချပေးနေကြောင်း၊ တင်ဒါလျှောက်လွှာတင်သွင်းခြင်းကို လာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ပြီး တင်ဒါပိတ်သည့်ရက်မှ အနီးစပ်ဆုံးပြုလုပ်မည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကက်ဘိနက်အစည်းအဝေးသို့တင်ပြကာ တင်ဒါအောင်မြင်သည့်ကုမ္ပဏီကို ဆွေးနွေးဆုံးဖြတ်ရွေးချယ်သွားမည်ဟု ဝန်ကြီးဦးကြည်လှိုင်က ပြောကြားသည်။ တင်ဒါတင်သွင်းသူများ လိုက်နာရမည့် စည်းကမ်းချက် ၂၇ ချက်တွင် တင်ဒါတင်သွင်းယှဉ်ပြိုင်သူများသည် လူမှုကွန်ရက်စာမျက်နှာများနှင့် မီဒီယာများတွင် တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့အား အများပြည်သူမှ အထင်အမြင်လွဲမှားစေသော ရေးသားမှုများ၊ ပြောဆိုမှုများပြုလုပ်ပါက တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားစွဲဆို၍ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းကုမ္ပဏီအား တင်ဒါယှဉ်ပြိုင်မှုမှ ပယ်ဖျက်မည်ဖြစ်ကြောင်း၊ တင်ဒါအဆိုပြုလွှာများကို တင်ဒါစိစစ် ရွေးချယ်ရေးကော်မတီဝင်များ ရှေ့မှောက်တွင် ဖွင့်ဖောက်ပြီး အမှတ်ပေးစနစ်ဖြင့် ဆောင်ရွက်၍တိုင်းဒေသကြီးအစိုးရသို့ တင်ပြမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်အတည်ပြုချက်ရှိပြီးမှသာ ကြေညာပေးဖြစ်ကြောင်းအပြင် တင်ဒါယှဉ်ပြိုင်မှုများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်ကြောင်း ဖော်ပြပါရှိခဲ့သည်။

ထားဝယ်ခရိုင်အတွင်း ဓာတ်အားဖြန့်ဖြူးပေးနေသည့် လျှပ်စစ်စီမံကိန်းကို Global Grand Services Co;Ltd (GGS) မှ ၁၄ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် ဂက်စ်အင်ဂျင်များဖြင့် ကံပေါက်ဒေသတွင် ထုတ်လုပ်၍ စက်ရုံထုတ်ဈေး တစ်ယူနစ်လျှင် ကျပ် ၁၃၀ ဖြင့် ထားဝယ်မြို့သို့ပို့လွှတ်ကာ ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ (DDPC) မှ တစ်ယူနစ်ကို ကျပ် ၂၁၀ နှုန်းဖြင့် သုံးစွဲသူထံအရောက် လျှပ်စစ်ဖြန့်ဖြူးရန် GGS ကုမ္ပဏီအား လုပ်ငန်းစပေါ်ငွေအဖြစ် ကျပ်သိန်း ၁၅၀၀၀ ကျော်ပေးသွင်းပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ငါးနှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုကာ စမ်းသပ်ကာလ ခြောက်လသတ် မှတ်လုပ်ကိုင်ခွင့်ရရှိထားခြင်းဖြစ်ပြီး ဇူလိုင်  ၁ ရက်မှ စတင်ကာ ထားဝယ်မြို့သို့ လျှပ်စစ်စတင်ဖြန့်ဖြူးပေးခဲ့ကြောင်း၊ ယင်းလျှပ်စစ်ဖြန့်ဖြူးရေး ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရနှင့် ကုမ္ပဏီများအကြား စာချုပ်ချုပ်ဆိုခဲ့စဉ်က စာချုပ်အတွင်း၌ စာချုပ်သက်တမ်းနှင့် ပတ်သက်၍ ဖော်ပြရာတွင် ကွက်လပ်များသာ ပါရှိနေခဲ့ခြင်း၊ GGS ကုမ္ပဏီအား တိုင်းဒေသကြီး အစိုးရမှ လျှပ်စစ်ထုတ်လုပ်ခွင့်ပြုခဲ့ခြင်းအပေါ် ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ ဒေသခံများအကြား ဝေဖန်မှုရှိခဲ့သည့်အပြင် လျှပ်စစ်စတင်ပေးဝေခဲ့ချိန်မှ လေးလအကြာအထိ  မကြာခဏ လျှပ်စစ်ပြတ်တောက်နေမှုအပေါ် သက်ဆိုင်ရာကုမ္ပဏီများ ၊ အစိုးရလျှပ်စစ် ဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးတို့ကို တိုင်းဒေသကြီးလွှတ်တော်မှ  အောက်တိုဘာ ၃၁ ရက်က ခေါ်ယူ၍ကြားနာမှု ပြုလုပ်ခဲ့ကြောင်း၊ DDPC ကုမ္ပဏီဘက်မှ အစိုးရနှင့် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းစာချုပ် ချုပ်ဆိုရာတွင် စာချုပ်ကို တစ်နာရီသာ ကြည့်ရှုခွင့်ရရှိခဲ့ကြောင်း ပြောကြားထားပြီး ၎င်းတို့ DDPC ကုမ္ပဏီ၏ ဝန်ဆောင်မှုထက် ပိုမိုကောင်းမွန်သော ကုမ္ပဏီရှိလာခဲ့ပါက ကုမ္ပဏီအနေဖြင့် ကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။

ထားဝယ်ခရိုင်တွင် လက်ရှိအချိန်၌လျှပ် စစ်အသုံးပြုနေသည့် မီတာအလုံးရေ ၄၀၀၀၀ ကျော်ရှိနေပြီး ဓာတ်အားသုံးစွဲမှုဆက်တိုက် မြင့်တက်နေကာ ယခင်ကဓာတ်အားသုံးစွဲမှု အမြင့်ဆုံးအချိန်၌ ကိုးမဂ္ဂါဝပ်ခန့်သာရှိသော်လည်း ယခုအခါ ၁၁ မဂ္ဂါဝပ်ကျော်အထိ မြင့်တက်လာပြီး ပြီးခဲ့သည့် ဒီဇင်ဘာလတစ်လတည်းတွင် သုံးစွဲယူနစ် ၄၃ သိန်းအထိ ရှိခဲ့ကြောင်း သိရသည်။