အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပင်မကြီးတစ်ခုလုံး ပြုပြင်ပြောင်းလဲရန်အတွက် လိုအပ်သည့် အချက်များ ရေးသားပြုစုထားပြီး ရက်ပိုင်းအတွင်း သက်ဆိုင်ရာ အာဏာပိုင်များထံ အကြံပြုချက်များ ပေးပို့ရန် အဆင်သင့်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ပြောကြား

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပင်မကြီးတစ်ခုလုံး ပြုပြင်ပြောင်းလဲရန်အတွက် လိုအပ်သည့် အချက်များ ရေးသားပြုစုထားပြီး ရက်ပိုင်းအတွင်း သက်ဆိုင်ရာ အာဏာပိုင်များထံ အကြံပြုချက်များ ပေးပို့ရန် အဆင်သင့်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ပြောကြား
Published 7 January 2018

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပင်မကြီးတစ်ခုလုံး ပြုပြင်ပြောင်းလဲရန်အတွက် လိုအပ်သည့်အချက်များကို ရေးသားပြုစုထားပြီး ရက်ပိုင်းအတွင်း သက်ဆိုင်ရာ အာဏာပိုင်များထံ အကြံပြုချက်များပေးပို့ရန် အဆင့်သင့်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်က ဇန်နဝါရီ ၆ ရက်က နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ဥပဒေရေးရာ အားကောင်းရန်အတွက် ဥပဒေပင်မကြီးတစ်ခုလုံးကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့အချက်တွေကို ကော်မရှင်အဟောင်းကရော၊ အသစ်ကပါ ရေးသားပြုစုပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ပြုစုတဲ့ ဥပဒေကြမ်းကို သက်ဆိုင်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဆင့် ဥပဒေကြမ်း ကော်မတီကတစ်ဆင့် ကျွန်တော်တို့ တင်ပြတဲ့အဆိုပြုချက်များကို အပြန်အလှန် ဝေဖန်ဆွေးနွေးကြမည် ဖြစ်ပါတယ်” ဟု ကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်က ပြောကြားသည်။

ဆက်လက်၍ ဥပဒေပြင်ဆင်ချက်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ ရက်ပိုင်းအတွင်းမှာပဲ သက်ဆိုင်တဲ့အာဏာပိုင်ထံသို့ အကြံပြုချက်များပေးပို့ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။ ပေးပို့မှာနော်။ ပြဋ္ဌာန်းမှာမဟုတ်သေးဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့တော့ ဥပဒေပြင်ဆင်ရေးမှာ လက်မနှေးဘူးဆိုတဲ့သဘောပဲ ဖြစ်ပါတယ်။ အမြန်ဆုံးပြဋ္ဌာန်းဖို့ဆိုတာ အဆင့်ဆင့် Step by Step သွားရတဲ့အတွက် ဒီကနေ့ပြော မနက်ဖြန်ပြဋ္ဌာန်းဆိုတာတော့ မဟုတ်ပါဘူး။ ပြင်ပြီးသွားရင် လုပ်ပိုင်ခွင့်ဆိုတာထက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများကို ပိုမိုပီပြင်ပွင့်လင်းစွာ လုပ်ကိုင်နိုင်သည့် ရည်ရွယ်ချက်များဖြင့် ပြင်ဆင်ရန် တင်ပြထားခြင်း ဖြစ်ပါတယ်” ဟု ဦးဟန်ညွန့်က ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် အားနည်းချက်၊ ချို့ယွင်းချက်များစွာ ရှိနေသည့်အတွက် ယခင်ကော်မရှင်အဟောင်းမှ ဥပဒေ၏ အားနည်းချက်၊ ချို့ယွင်းချက်များကို အများပြည်သူအကျိုးငှာ ပြင်ဆင်နိုင်ရန်အတွက် လိုအပ်သည့်ပြင်ဆင်ချက်များနှင့် အကြံပြုချက်များကို သီးခြားစာအုပ်ပြုစုကာ ကော်မရှင်အသစ်သို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။

ထို့ပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အသစ်အနေဖြင့် တာဝန်ယူသည့် နေ့မှစတင်ကာ ကော်မရှင်ရုံးအတွင်း အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက်များ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအဟောင်းမှ အချက်အလက် ၂၀ ကျော် ပြင်ဆင်ရန် ဆောင်ရွက်ထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်က ပြောကြားသည်။

“အဂတိလိုက်စားမှုဆိုတာ ဘာလဲ။ ပေးသူ၊ ယူသူဆိုတာ ဘာလဲ။ အသေးစိတ် ဆောင်ရွက်ထားပါတယ်။ အချက်အလက်အသေးစိတ်တော့ မပြောပါရစေနဲ့။ ၂၀ ကျော်ပါလိမ့်မယ်။ ၂၀ ကျော်လို့ပဲ မှတ်ထားလိုက်ရင် အဆင်ပြေမယ်ထင်ပါတယ်” ဟု ဦးဟန်ညွန့်က ပြောကြားသည်။