<

စင်ကာပူနိုင်ငံသို့ တပ်မတော်သား သင်တန်းသားများ စေလွှတ်မှုအပါအ၀င် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီး ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့် Ms. Vanessa Chan Yuen Ying အား ဇန်န၀ါရီ ၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့် ခန်းမဆောင်တွင်လက်ခံတွေ့ဆုံခဲ့ကြောင်း  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံခေါင်းဆောင်များ ခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး ကောင်းမွန်ခဲ့မှုအခြေအနေများ၊ နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ ၏ လက်ရှိပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ခိုင်ခိုင်မာမာ လျှောက်လှမ်းနေမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်မှဆောင်ရွက်နေမှုအခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်မှု၊ တပ်မတော်သားသင်တန်းသားများ စင်ကာပူနိုင်ငံသို့ စေလွှတ်မှုအပါအ၀င် မြန်မာ-စင်ကာပူ နှစ်နိုင်ငံ နှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး စင်ကာပူနိုင်ငံသံအမတ်ကြီးနှင့် အတူ သံရုံးဒုတိယအကြီးအကဲ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး မစ္စဗန်နက်ဆာချန်ယွမ်ရင်သည် ၎င်း၏ သံအမတ်ခန့်အပ်လွှာအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပေးအပ်ခဲ့သည်။

January 5, 2018














Copy Protected by Chetan's WP-Copyprotect.