KIA နှင့် TNLA တို့က နောက်တန်းတပ်ဌာနချုပ်များနှင့် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးအား နှောက်ယှက်တိုက်ခိုက်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြ

KIA နှင့် TNLA တို့က နောက်တန်းတပ်ဌာနချုပ်များနှင့် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးအား နှောက်ယှက်တိုက်ခိုက်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြ
Published 3 January 2018

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

KIA နှင့် TNLA တို့က နောက်တန်းတပ်ဌာနချုပ်များနှင့် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးအား နှောက်ယှက်တိုက်ခိုက်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဇန်နဝါရီ ၂ ရက် ညပိုင်းသတင်းထုတ်ပြန်မှုတွင် ဖော်ပြပါရှိသည်။

အဆိုပါထုတ်ပြန်ချက်တွင် KIA/TNLA တို့သည် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးကို လျစ်လျူရှုလျက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒလမ်းစဉ်ကိုဆန့်ကျင်ကာ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ရေရှည်ဆက်လက်လျှောက်လှမ်းရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိရာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းနှင့် လကုန်ပိုင်းတို့တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့ရှိ နယ်မြေခံနောက်တန်း တပ်ဌာနချုပ်များ၊ လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ လုံခြုံရေးစခန်းများနှင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တို့အား လက်နက်ကြီးများဖြင့် နှောက်ယှက်ပစ်ခတ်ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၃ ရက်ညနေပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မန်တပ်မြို့နယ်ရှိ နယ်မြေခံနောက်တန်းတပ်ဌာနချုပ်သို့ အကြမ်းဖက်သောင်းကျန်းသူအချို့က လက်နက်ကြီးများဖြင့် လာရောက်နှောက်ယှက်တိုက်ခိုက်ခဲ့သဖြင့် မိမိမှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဖြစ်စဉ်တွင် တပ်ဧရိယာအနီးပတ်ဝန်းကျင်၌ ၁၀၇ မမဗုံးသီးလေးလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၃ ရက်ညနေပိုင်းတွင် KIA/TNLA အဖွဲ့များက မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာအနီး လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မိုင်းယုကျေးရွာနှင့် အထက်တုန်ခန်ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူတစ်ဦးနှင့် နွားတစ်ကောင်သေဆုံးခဲ့ကာ ဒေသခံတိုင်းရင်းသားပြည်သူ သုံးဦးနှင့် နွား ၁၆ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၄ ရက်မွန်းလွဲပိုင်းတွင် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးအား လုံခြုံရေးဆောင်ရွက်နေသည့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရင်ကွဲတောင်စခန်း၊ နမ့်ခိုင်စခန်းနှင့် နမ့်ဖတ်ကာမြို့ရှိ နယ်မြေခံနောက်တန်း တပ်ဌာနချုပ်တို့အား KIA/TNLA အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း၊ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် KIA/TNLA အဖွဲ့များက နမ့်ခိုင်စခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း လာရောက်တိုက်ခိုက်ခဲ့သဖြင့် စခန်းများ၊ နောက်တန်းတပ်ဌာနချုပ်နှင့် ပြည်ထောင်စုကားလမ်းမကြီး အနီးပတ်ဝန်းကျင်တို့တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြပါရှိသည်။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

အလားတူ KIA/TNLA အဖွဲ့များက ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းနှင့် ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းတို့တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အားလည်းကောင်း၊ ဒီဇင်ဘာ ၂၅ ရက်နံနက်ပိုင်းတွင် မုံးကိုးမြို့ပတ်လည် လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား မြို့အထွက်တံတားအနီး၌လည်းကောင်း၊ ဒီဇင်ဘာ ၂၈ ရက်နံနက်ပိုင်းတွင် မုံးကိုးမြို့၏ အနောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာရှိ မန်ဂျီးနှင့် ကြူကုတ်ကျေးရွာသွား ကားလမ်းဘေး၌လည်းကောင်း၊ ဒီဇင်ဘာ ၃၀ ရက်မွန်းလွဲပိုင်းတွင် မူဆယ်မြို့နယ်၊ ဆယ်လန့်ကျေးရွာအနီး မူဆယ်-နမ့်ခမ်းသွား ကားလမ်းပေါ်၌လည်းကောင်း ခရီးသွားလာနေသည့် အများပြည်သူများ ထိခိုက်ပျက်စီးစေရန်ရည်ရွယ်လျက် ရီမုမိုင်း၊ ရှေ့ထွက်မိုင်းနှင့် ဒေသန္တရလက်လုပ်မိုင်းများဖြင့် နှောက်ယှက်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် ဒီဇင်ဘာ ၃၀ ရက်တွင်လည်း KIA သည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှဒူဇွပ်ကျေးရွာရှိ နယ်မြေခံနောက်တန်းတပ်ဌာနချုပ်ကို အင်အား ၇၀ ခန့်ဖြင့် နံနက် ၆ နာရီခွဲခန့်မှ ၁၁ နာရီခွဲခန့်အတွင်း နေရာသုံးနေရာမှ သုံးကြိမ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိတပ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည်နှစ်ဦး နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရသည်။ အလားတူဒီဇင်ဘာ ၂၈ ရက်နံနက်ပိုင်းကလည်း ဖားကန့်မြို့နယ်၊ မြစ်ကြီးနား-ဖားကန့်သွားကားလမ်းပေါ်ရှိ ဒွန်ဘုံးခကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာ၌ KIA ထောင်ထားသည့် ရီမုမိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် လမ်းပေါ်၌ ခရီးသွားလာနေသည့် မော်တော်ယာဉ်တစ်စီးပျက်စီးခဲ့ကာ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုကဲ့သို့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း KIA/TNLA များက အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်၊ ဒေသတွင်း ကုန်စည်စီးဆင်းမှုများ ထိခိုက်ပျက်စီးစေရန်နှင့် နောက်တန်းတပ်ဌာနချုပ်ရှိ မိသားစုဝင်များနှင့် ကလေးငယ်များအား အန္တရာယ်ကြီးစွာဖြစ်စေနိုင်သည့် နှောက်ယှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက တရားဥပဒေစိုးမိုးမှုရှိစေရေးနှင့် နယ်မြေအေးချမ်းစေရေးအတွက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။