နိုင်ငံတော်သမ္မတ အထူးရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းသော ဖောင်းပြင်-ပင်လည်ဘူးလမ်းပိုင်း ၂၉ မိုင် (လမ်းသစ်) ပြီးစီးရန် သတ်မှတ်ချိန်ထက် ခြောက်လနောက်ကျပြီး ဇန်နဝါရီလကုန်မှသာ အပြီးသတ်နိုင်မည်

နိုင်ငံတော်သမ္မတ အထူးရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းသော ဖောင်းပြင်-ပင်လည်ဘူးလမ်းပိုင်း ၂၉ မိုင် (လမ်းသစ်) ပြီးစီးရန် သတ်မှတ်ချိန်ထက် ခြောက်လနောက်ကျပြီး ဇန်နဝါရီလကုန်မှသာ အပြီးသတ်နိုင်မည်
Published 1 January 2018

ဖောင်းပြင်-ပင်လည်ဘူးလမ်းပိုင်းတွင် သွားလာနေသော ကားများကို ဒီဇင်ဘာလဆန်းက တွေ့ရစဉ်

နိုင်ငံတော်သမ္မတ အထူးရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းသော ဖောင်းပြင်-ပင်လည်ဘူးလမ်းပိုင်း ၂၉ မိုင် (လမ်းသစ်) ပြီးစီးရန် သတ်မှတ်ချိန်ထက် ခြောက်လနောက်ကျပြီး ဇန်နဝါရီလလယ်ခန့်မှသာ အပြီးသတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုလမ်းပြုပြင် ထိန်းသိမ်းခြင်းကို ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်မှ စတင်လုပ်ဆောင်ခဲ့ပြီး အမာခံ ကျောက်ခင်းလမ်းခင်းခြင်း လုပ်ငန်းကို ဇွန်ဒုတိယပတ်တွင် လည်းကောင်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဇွန်တတိယပတ်တွင်လည်းကောင်း လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ဇွန်လအတွင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရန် သတ်မှတ်ခဲ့သော်လည်း မိုးများပြီး ရာသီဥတုဆိုးရွားမှုကြောင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာခဲ့ရာ ဇန်နဝါရီလကုန်မှသာ အပြီးသတ်နိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောကြားသည်။

“ပြည်ထောင်စုဝန်ကြီးလည်း လာကြည့်သွားပါတယ်။ ညွှန်ကြားသွားပါတယ်။ မိုးကလည်း သိတဲ့အတိုင်း ဒီလအစောပိုင်းအထိ ရွာနေတုန်းလေ။ မိုးရွာတော့ ဘာမှလုပ်မရဘူး။ ဒီအတိုင်း ထိုင်ပြီးတော့ပဲ ကြည့်နေရတယ်။ ကုမ္ပဏီတွေက မလုပ်တာမဟုတ်ဘူး။ မိုးရွာလို့မလုပ်နိုင်လို့ နောက်ကျတာကိုတော့ နိုင်ငံတော်ကလည်း အသိအမှတ်ပြုပါတယ်။ မိုးရွာထဲမှာ လုပ်ရင်လည်း ရေရှည်မခံနိုင်ဘူးလေ။ ချက်ချင်း ပြန်ပျက်မှာပေါ့။ လမ်းပိုင်း ၂၉ မိုင်မှာ မြေသားလမ်းလည်းပါတယ်။ ကျောက်ချောလမ်းလည်းပါတယ်။ မြေသားလမ်းဆိုတာက မူလလမ်းအူကြောင်း ရှိပြီးသားကို တအားမြင့်တဲ့ တောင်တက်တောင်ဆင်းတွေကို ဖြေချလိုက်တာပေါ့။ အဲဒါက မြေသားလုပ်ငန်းပါ။ အဲဒါက ပြီးပါပြီ။ အဲဒီအပေါ်မှာ ကျောက်ချောလမ်း ခင်းပါတယ်။ ကျောက်ချောလမ်းလည်း ကုမ္ပဏီတွေက အကုန်လုံး ခင်းပြီးပါပြီ။ ကုမ္ပဏီတစ်ခုကပဲ လက်စသတ်ဖို့ ကျန်တာပါ။ ဒီတော့ မြေသားလမ်းပြီးပြီ။ ကျောက်ချောလမ်းလည်းပြီးပြီ။ ကွန်ကရစ်က ငါးမိုင်လေးဖာလုံ ခင်းရမယ့်အထဲမှာ သုံးမိုင်ကပြီးပြီ။ နှစ်မိုင်လေးဖာလုံ ကျန်တယ်။ ကုမ္ပဏီတစ်ခုက တော်တော်လေးကျန်နေတာပေါ့။ ကျန်တဲ့ ကုမ္ပဏီတွေက အများအားဖြင့် ပြီးပါပြီ။ ကျန်နေတဲ့ ကုမ္ပဏီကို တွန်းအားပေးပြီး နောက်ဆုံး Warning ပေးပြီးခိုင်းထားပါတယ်။ ဒီလကုန်ပြီးမယ်လို့ သူ အာမခံပါတယ်” ဟု ဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောကြားသည်။

ဖောင်းပြင်-ပင်လည်ဘူးလမ်းပိုင်း ၂၉ မိုင် (လမ်းသစ်) အား အထူးပြင်ဆင် ထိန်းသိမ်းရန်အတွက် လိုအပ်သောငွေ ကျပ်သန်း ၅၅၇၅ သန်းကို အထူးကိစ္စရပ်အဖြစ် သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲရန် ၂၀၁၇ ခုနှစ် မတ် ၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၅/၂၀၁၇) တွင် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး လမ်းပိုင်း ၂၉ မိုင်တွင် မြေသားလမ်း၊ ကျောက်ချောလမ်းနှင့် ကွန်ကရစ်လမ်းဟု သုံးမျိုး ပြုပြင် ထိန်းသိမ်းခြင်းဖြစ်ကြောင်း သိရသည်။

“လမ်းသစ် ၂၉ မိုင်မှာ လမ်းတစ်လျှောက်လုံးတော့ ကွန်ကရစ် မခင်းနိုင်သေးဘူး။ နောက်ပိုင်းတော့ဖြစ်မှာပေါ့။ လောလောဆယ်တော့ အကုန်လုံးကို ကွန်ကရစ်မခင်းနိုင်သေးဘူး။ ဒါကြောင့် လောလောဆယ်ရတဲ့ ရန်ပုံငွေနဲ့ တချို့နေရာတွေမှာ မြေသားလမ်း၊ တချို့နေရာတွေမှာ ကျောက်ချောလမ်း တချို့နေရာတွေမှာတော့ ကွန်ကရစ်ခင်းလိုက်တာပေါ့။ ၂၉ မိုင်ကို ကွန်ကရစ်ခင်းဖို့ဆိုရင် နှစ်စဉ် ဘတ်ဂျက်တွေ လျာထားပြီး ဆက်လုပ်ရဦးမှာပါ။ ဒီဘက် ဒေသက ရေလမ်းပဲ အားကိုးနေရတော့ ရာသီမရွေးသွားလာနိုင်တဲ့ လမ်းဖြစ်အောင် ပဏာမလုပ်ပါလို့ သမ္မတကြီးက ညွှန်ကြားထားတော့ အဲဒီအတိုင်း ကြိုးစားတာပေါ့။ ကွန်ကရစ်လမ်းကတော့ အဓိကတောင် တက်တောင်ဆင်းတွေမှာ မချော်အောင်၊ နောက်ပြန်မကျအောင် စသဖြင့် လုပ်တာပါ။ ကျောက်ချော လမ်းကလည်း ပြီးခါနီးပြီဆိုတော့ ကျောက်လမ်းပြီးသွားရင် ဗွက်နစ်တာတို့၊ တောင်ပေါ်မှာ လမ်းချောတာတို့ မဖြစ်တော့ဘဲ သွားလာရတာ အဆင်ပြေသွားမှာပါ။ အခုလောလောဆယ်ကိုပဲ ဟုမ္မလင်း-ဖောင်းပြင်-နန်တောဘက်ကနေ မန္တလေးဘက်ကိုသွားတဲ့ ကားလေးတွေ တစ်ရက်ကို ၁၆ စီးလောက် ပုံမှန်သွားနေပါပြီ” ဟု ဝန်ကြီးဦးသန်းညွန့်ဝင်းက ပြောကြားသည်။

အဆိုပါ ဖောင်းပြင်-ပင်လည် ဘူးလမ်းပိုင်း ၂၉ မိုင်အား ပြင်ဆင်ထိန်းသိမ်းမှု ပြုလုပ်ရာတွင် ကုမ္ပဏီတစ်ခုတည်းကို လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းမဟုတ်ဘဲ လုပ်ငန်းအစုအဖွဲ့ ကိုးဖွဲ့ခွဲပြီး ကုမ္ပဏီရှစ်ခုအား လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဒီဇင်ဘာလဆန်းက ဖောင်းပြင်-ပင်လည်ဘူးဒေသတွင် မိုးရွာသွန်းခဲ့ပြီး ခင်းထားသောလမ်းပိုင်းအချို့ ပျက်စီးကာ သွားလာရခက်ခဲပြီး ထိုလမ်းပိုင်းများကိုလည်း ပြန်လည်ပြင်ဆင်နေကြာင်း သိရသည်။

“ပထမဆုံးအကြိမ် ခင်းတဲ့အခါကျတော့ အောက်ကတချို့မြေသားတွေက အသားမသေသေးတော့ မိုးရွာရင် ဗွက်ထပြီး အပေါ်က Land Slide ဖြစ်တာပေါ့။ အပေါ်က တောင်က မြေတွေပြိုကျလာတယ်။ အဲဒီအခါမှာ ရေတွေနဲ့နှောပြီး ခင်းထားတဲ့ လမ်းပေါ်မှာကျတယ်။ အဲဒီအခါမှာ အဲဒီအပေါ်ကနေ ကားတွေဖြတ်မောင်းတော့ ကျောက်တွေက ဘေးကိုစင်သွားတယ်။ အဲဒီလိုဖြစ်တာပေါ့။ အဲဒါကို တချို့ကျတော့ အကြိမ်ကြိမ် ပြန်ပြန်ပြင်ရမယ်။ ချက်ချင်း တစ်ခါတည်း တောက်လျှောက်မပြီးဘူး။ အခု ဒါဆိုရင် ကုမ္ပဏီတွေက ဒုတိယအကြိမ် အရှုံးခံပြီး ပြန်ခင်းပေးနေပါတယ်။ ကျွန်တော်တို့လည်း သွားကြီးကြပ်ပြီး သတ်မှတ်ချက် အရည်အသွေးမီအောင် လုပ်ခိုင်းထားပါတယ်။ ကျွန်တော်တို့ကလည်း အမြဲတမ်း ကြီးကြပ်ပြီး ညွှန်ကြားနေတယ်လေ။ ပရောဂျက်ဒါရိုက်တာကလည်း အနီးကပ်ကြီးကြပ်ပြီး ညွှန်ကြားနေတယ်။ လက်ရှိခင်းပြီးတဲ့ လမ်းရဲ့ အရည်အသွေးကိုလည်း စစ်နေပါတယ်။ နေပြည်တော်က QC အဖွဲ့တွေရှိတယ်။ သက်ဆိုင်ရာ လမ်းဦးစီးက တာဝန်ရှိပုဂ္ဂိုလ်တွေရော၊ သက်ဆိုင်ရာ မြို့နယ်စီခန့်တို့၊ လွှတ်တော်ကိုယ်စားလှယ်တို့လည်း အခါအားလျော်စွာ လာပြီးစစ်တာ ရှိပါတယ်။ အရည်အသွေးမပြည့်မီရင်တော့ လုံးဝလက်မခံပါဘူး။ ပိုက်ဆံကို ထိုက်ထိုက်တန်တန် ပေးထားတာပဲလေ။ ကိုယ့်တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင်လုပ်နေတဲ့ ကိစ္စမှာ ဒီလိုဘတ်ဂျက်ကို အလေအလွင့်ခံပြီး လုပ်တာကို လုံး၀ လက်မခံပါဘူး” ဟု ဝန်ကြီးဦးသန်းညွန့်ဝင်းက ဆက်လက် ပြောကြားသည်။