ကာလရှည်လာသည့်အတွက် မြိုင်ကြီးငူစစ်ဘေးဒုက္ခသည်များ၏ စားနပ်ရိက္ခာ ပိုမိုကျပ်တည်းလာပြီး ရေရှည်တွင် ဆိုးရွားလာဖွယ်ရှိနိုင်ကြောင်း မြိုင်ကြီးငူဒေသခံများ ပြောကြား

ကာလရှည်လာသည့်အတွက် မြိုင်ကြီးငူစစ်ဘေးဒုက္ခသည်များ၏ စားနပ်ရိက္ခာ ပိုမိုကျပ်တည်းလာပြီး ရေရှည်တွင် ဆိုးရွားလာဖွယ်ရှိနိုင်ကြောင်း မြိုင်ကြီးငူဒေသခံများ ပြောကြား
Published 1 January 2018

မြိုင်ကြီးငူ စစ်ဘေးဒုက္ခသည်စခန်းတွင် စစ်ဘေးခိုလှုံသူများ စားသောက်နေကြသည့် မြင်ကွင်း

ကာလရှည်ကြာလာသည့်အလျောက် မြိုင်ကြီးငူစစ်ဘေးဒုက္ခသည်များ၏ စားနပ်ရိက္ခာမှာ ပိုမိုကျပ်တည်းလာပြီး ရေရှည်ကာလများတွင် ဆိုးရွားလာဖွယ် အခြေအနေရှိကြောင်း မြိုင်ကြီးငူဒေသခံများက ပြောကြားသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလဆန်းပိုင်းမှစ၍ နယ်ခြားစောင့်တပ် (BGF)၊ တပ်မတော်ပူးပေါင်းတပ်ဖွဲ့နှင့် ခွဲထွက် DKBA တို့၏ တိုက်ပွဲဖြစ်စဉ်ကြောင့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသသို့ ကျေးရွာ ၃၃ ရွာမှ ဒေသခံပြည်သူ အိမ်ထောင်စု ၁၀၀၇ စု၊ ကျား ၂၇၆၇ ဦး၊ မ ၂၇၆၈ ဦး စုစုပေါင်း ၅၅၃၅ ဦး စစ်ရှောင်ခိုလှုံခဲ့ပြီး ယနေ့အထိ နေရပ်သို့ မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာ ကျပ်တည်းမှုကို ခံစားနေရကြောင်း သိရသည်။

“တစ်နေ့ကို ဆန်အိတ် ၅၀ နီးပါး ချက်ပြုတ်ပေးနေရတော့ ရေရှည်အတွက် စိုးရိမ်စရာ အခြေအနေ ရှိပါတယ်။ ဒီမှာ ဆန်ပြတ်လပ်ပြီး အလှူရှင်မပေါ်ပေါက်ရင် သူတို့အတွက် အခြေအနေ ဆိုးရွားလာနိုင်တယ်။ အသက်သတ်လွတ် နယ်မြေဖြစ်တော့ ဖြစ်သလို၊ ကြုံသလို စားသောက်နေရတယ်။ နေ့စဉ်တော့ ရိုးရာတာလပေါ့ဟင်းနဲ့ နှမ်းထောင်း ငါးပိရည်နဲ့ နှစ်ပါးသွားရတာလေ။ လက်ရှိမှာ ဆန်၊ ဆီ၊ ဆား စတဲ့ရိက္ခာတွေ အမြန်လိုအပ်နေတယ်” ဟု မြိုင်ကြီးငူဒေသခံ ကိုစောလင်းကြည်က ပြောကြားသည်။

“ဒီမှာ နေသားကျနေပြီဆိုပေမဲ့ မပျော်ပါဘူး။ ရွာကိုပဲ ပြန်သွားချင်ပါတယ်။ ကိုယ့်လူမျိုးအချင်းချင်း အခဲမကြေတိုက်ပွဲက ဒီကနေ့အထိ ကြိုကြားကြိုကြား ဖြစ်နေတုန်းဆိုတော့ ရွာကို ဘယ်ပြန်ရဲမှာလဲ။ ကိုယ့်အရှေ့မှာတင် ရွာကိုအရဲစွန့်ပြန်သူတွေ မိုင်းနင်းမိလို့ သေကုန်ကြတာ တွေ့ရတော့ ဒီမှာပဲ စိတ်ဒုန်းဒုန်းချပြီး နေရတာပေါ့” ဟု မြိုင်ကြီးငူ မြတ်ပန်းဝတ်မှုံခန်းမဆောင်တွင် စစ်ဘေးရှောင်ခိုလှုံသူ ထီးတောဖလော် ရွာသားတစ်ဦးက ပြောကြားသည်။

မြိုင်ကြီးငူဒေသတွင် လှိုင်းဘွဲ့၊ ဖာပွန်မြို့နယ်များမှ ကျောက်တောင်၊ မယ်တော်ကြိုး၊ ထီးတောဖလော်၊ တမိုဖိုး၊ ထီးနော့ထ၊ ထီးသာထ၊ မဲသဝေါ၊ ထီးတာဒို့၊ ထီးယက်ကလိုး၊ မယ်ပလိုစီး၊ လဲပယ်ဒဲ၊ ကလော်ကွီး၊ ထီးကနဲထ၊ ရင်းပိုင်းချောင်းဝ၊ ပလဲဝေါ်၊ ရင်းပိုင်းချောင်းမ၊ ကလောဒေး၊ ဒါဘောဘော၊ တောင်ကြား၊ ယောခုခီ၊ ပိုင်လာကြီး၊ မယ်သဝေါမုဒ်ဝ၊ ဝဘွေးတု၊ တဒေါကြိုးဘိုး၊ ကျုံထော်၊ ကလောတယ်ထ စသည့်ကျေးရွာများမှ စစ်ဘေးဒုက္ခသည် ၅၀၀၀ ကျော် ယနေ့အထိ ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် လိူင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသသို့ရောက်ရှိ ခိုလှုံနေသူ စစ်ဘေးရှောင်ဒုက္ခသည် ၅၀၀၀ ကျော်မှာ ယနေ့အချိန်တွင် ရိက္ခာပြတ်လပ်မှုကြုံနေရသဖြင့် မည်သူမဆို မြိုင်ကြီးငူဒေသသို့ လာရောက်လှူဒါန်းပါရန် ဒေသခံပြည်သူများက မျှော်လင့်လျက်ရှိပြီး ကာလရှည်ကြာလာပါက အခြေအနေ ဆိုးရွာလာဖွယ်ရှိကြောင်း မြိုင်ကြီးငူဒေသခံများက ပြောကြားသည်။ စိုးစိုး (ဘားအံ)