ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ဆဋ္ဌမပုံမှန်အစည်းအဝေးကာလအထိ ဥပဒေ ၄၈ ခု ဆွေးနွေးအတည်ပြုထား နေပြည်တော်တွင်ပြုလုပ်သည့် လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေးအပြီး ကိုယ်စားလှယ်များကို တွေ့ရစဉ်

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ဆဋ္ဌမပုံမှန်အစည်းအဝေးကာလအထိ ဥပဒေ ၄၈ ခု ဆွေးနွေးအတည်ပြုထား နေပြည်တော်တွင်ပြုလုပ်သည့် လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေးအပြီး ကိုယ်စားလှယ်များကို တွေ့ရစဉ်
Published 26 December 2017

နေပြည်တော်တွင်ပြုလုပ်သည့် လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးအပြီး ကိုယ်စားလှယ်များကို တွေ့ရစဉ်

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးကာလမှ ဆဋ္ဌမပုံမှန်အစည်းအဝေးကာလအထိ ဥပဒေစုစုပေါင်း ၄၈ ခုကို ဆွေးနွေးအတည်ပြုထားကြောင်း ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်များအရ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ လွှတ်တော်ကိုယ်စားလှယ်အများစုရှိသည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်က ပထမဆုံးအတည်ပြုပြဋ္ဌာန်းခဲ့သည့်ဥပဒေမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေဖြစ်ပြီး ၎င်းဥပဒေကို ၂၀၁၆ ခုနှစ် ဧပြီ ၆ ရက်တွင်ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ၊ နိုင်ငံတော်ကောင်စီဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ၊ ပြည်သူ့ကောင်စီဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ၊ အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေတို့ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေတို့ကိုလည်း အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကာလ၌ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကာရေးဆွဲထားသည့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် လက်ရှိအချိန်အထိ ဥပဒေစုစုပေါင်း ၄၈ ခုကို အတည်ပြုပြဋ္ဌာန်းထားကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိလွှတ်တော်ကာလအတွင်း ဥပဒေစုစုပေါင်း ၄၈ ခုအတည်ပြုပြဋ္ဌာန်းထားမှုအပေါ် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းက “အားရကျေနပ်မှုရှိသလားဆိုတဲ့ အတိုင်းအတာမှာကျတော့ ကျွန်တော်တို့အနေနဲ့ကလည်း အားရကျေနပ်မှုနည်းပါသေးတယ်။ နည်းပါသေးတယ်ဆိုတာက အရင်တုန်းကအတိုင်းအတာကျတော့ ပြည်သူလူထုရဲ့အသံကို လိုချင်သော်ငြားလည်းပဲ ပြည်သူလူထုရဲ့ ဟိုပေါ့ဘယ်သူက ပညာရှင်ဘယ်သူက ဒီဥပဒေအပေါ်မှာ စိတ်ဝင်စားသလဲဆိုတာ ကျွန်တော်တို့အားနည်းခဲ့တယ်ပေါ့။ အခုနောက်ပိုင်းကျတော့ တော်တော်များများကလည်း ချိတ်ဆက်လာတယ်။ တော်တော်များများက ပြည်သူလူထုအသံ၊ ဥပဒေတွေနဲ့ပတ်သက်ပြီးတော့ စိတ်ဝင်စားလာတဲ့ NGO အဖွဲ့တွေ၊ နောက် နိုင်ငံတကာတွေ၊ နောက်ပြည်သူလူထုအားလုံးက ပူးပေါင်းပါဝင်လာတဲ့အခါကျတော့ ဒီနောက်ပိုင်းတော့ ပိုပြီးအားကောင်းလာလိမ့်မယ်လို့တော့ ကျွန်တော်တို့ယူဆပါတယ်” ဟု The Daily Eleven သတင်းစာကို ပြောကြားသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ ထို့ပြင် မကြာခင်ပြန်လည်ကျင်းပမည့် လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး ကာလအတွင်း ဆက်လက်ဆွေးနွေးအတည်ပြုရန် ကျန်ရှိနေသည့် ဥပဒေကြမ်းများအပါအဝင် မြန်မာ့ကျောက်မျက်ရတနာဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုသွားရန်ရှိကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက ဆိုသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ဆဋ္ဌမပုံမှန်အစည်းအဝေးကာလအထိ အဆိုစုစုပေါင်း ၇၅ ခုတင်သွင်းခဲ့ပြီး အတည်ပြုခဲ့သည့်အဆို ၃၁ ခုရှိကြောင်း ပြည်သူ့လွှတ်တော်က ထုတ်ပြန်ထားသည်။

Most Read

Most Recent