မြစိမ်းရောင်ကျေးရွာစီမံကိန်းကို လက်ရှိဘဏ္ဍာနှစ်အတွင်း ကျပ် ၄၅ ဘီလျံဖြင့် ဆောင်ရွက်ရန် မျှော်မှန်းထားပြီး ပထမခြောက်လပတ်တွင် ကျပ် ၃၁ ဘီလျံကျော် အကောင်အထည်ပေါ်

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို လက်ရှိဘဏ္ဍာနှစ်အတွင်း ကျပ် ၄၅ ဘီလျံဖြင့် ဆောင်ရွက်ရန် မျှော်မှန်းထားပြီး ပထမခြောက်လပတ်တွင် ကျပ် ၃၁ ဘီလျံကျော် အကောင်အထည်ပေါ်
Published 24 December 2017

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို လက်ရှိဘဏ္ဍာနှစ်အတွင်း ငွေကျပ် ၄၅ ဘီလျံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ဆောင်ရန် မျှော်မှန်းထားပြီး လက်ရှိဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင်ပင် ကျပ် ၃၁ ဘီလျံကျော် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမခြောက်လပတ် အစီရင်ခံစာအရ သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို လက်ရှိဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၅၀၀၀ အတွက် ကျပ် ၄၅ ဘီလျံ လျာထားခဲ့ခြင်းဖြစ်ပြီး ပထမ ခြောက်လပတ်တွင်ပင် ကျေးရွာ ၁၀၃၅ ရွာအတွက် ကျပ် ၃၁ ဒသမ ၀၅ ဘီလျံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကျေးလက်နေမိသားစုများ၏ စီးပွားရေး ဝင်ငွေတိုးတက်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ယခင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျုဟာ မူဘောင် နှင့်အညီ လူထုဗဟိုပြုဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများကို အခြေခံကာရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းစီမံကိန်းကို စီမံကိန်း ကျေးရွာတစ်ရွာလျှင် အရင်းမပျောက်လည်ပတ် ရန်ပုံငွေ ကျပ် သိန်းသုံးရာမတည်ကာ ကျေးရွာတစ်ထောင်ကျော်တွင် စတင်ခဲ့သည်။

ထိုသို့ စတင်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် ကျေးရွာပေါင်း ၁၀၀၀၀ ခန့်၌ နိုင်ငံတော် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၄၁ ဒသမ ၇၁ ဘီလျံ ဖြင့် ဆောင်ရွက်နေကြောင်း မြစိမ်းရောင် ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် မူဝါဒရေးရာအကြံပေးညှိနှိုင်းခြင်း အလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။

လက်ရှိတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာများတွင် စဉ်ဆက်မပြတ် ဘဏ္ဍာရေး အရင်းအမြစ်ရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေး၊ ဝင်ငွေ တိုးပွားစေရေး စသည့်အချက်များကို ရည်မှန်းပြီး ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။