ရထားသံလမ်းပေါ်တွင် ကုန်တင်တွဲကားယာဉ်မောင်း အိပ်ပျော်နေစဉ် ရထားနှင့်ကားတိုက်မှု မန္တလေးမြို့တွင်ဖြစ်ပွား

ရထားသံလမ်းပေါ်တွင် ကုန်တင်တွဲကားယာဉ်မောင်း အိပ်ပျော်နေစဉ် ရထားနှင့်ကားတိုက်မှု မန္တလေးမြို့တွင်ဖြစ်ပွား
Published 24 December 2017

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် မန္တလေး-မတ္တရာသွား ကားလမ်းပေါ်တွင် ရထားနှင့်ကုန်တင်တွဲ ကားတိုက်မှု ဒီဇင်ဘာ၂၄ ရက် နံနက် ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု တစုံတရာမရှိခဲ့ကြောင်း ပုသိမ်ကြီးရဲစခန်းမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၄ ရက် နံနက် ၆ နာရီခွဲခန့်တွင် မန္တလေး-မတ္တရာ စက်ခေါင်းမောင်း ဦးစိုးဝင်းမောင်းနှင်သည့် စက်ခေါင်းအမှတ် DD901သည် ယာဉ်ပျံဘူတာမှအထွက် ကုန်းတန်းကျေးရွာရှိ ပလတ်စတစ်စက်ရှေ့ မီးရထားသံလမ်းပေါ်တွင် ရပ်တန့်ထားသည့် ကုန်တင် တွဲကားနှင့် တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ပလတ်စတစ်စက်ရုံရှေ့မှာ ပစ္စည်းတွေတင်ဆောင်ဖို့ ရပ်ထားတဲ့ ကုန်တင်ကားက ရပ်ထားတာ။ သံလမ်းနဲ့က မလွတ်တာကို မသိဘဲ ယာဉ်မောင်းက အိပ်ပျော်နေတာ။ ရထားကလည်း ဖြတ်ကူးတယ်ထင်ပြီး စောင့်နေသေးတယ်။ ထိမိရုံလေးပဲ တိုက်မိတယ်လို့ သိရပါတယ်။ ရထားပေါ်က ခရီးသည်တွေရော တခြားဘယ်သူမှ ထိခိုက်နာကြင်မှု တစုံတရာ လုံးဝမရှိပါဘူး။ အမှုဖွင့် အရေးယူဆောင်ရွက်ဖို့ တာဝန်ရှိသူတွေ စစ်ဆေးနေကြပါတယ်"ဟု ပုသိမ်ကြီးရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။