ရှယ်ယာတစ်စု ကျပ် ၃၀၀၀ နှင့် ၃၃၀၀ အကြား ရောင်းချမည်ဆိုသည့် TMH တယ်လီကွန်းရှယ်ယာ၏ ကနဦးရှယ်ယာဈေးနှုန်းကို တစ်စု ကျပ် ၃၀၀၀ သတ်မှတ်

ရှယ်ယာတစ်စု ကျပ် ၃၀၀၀ နှင့် ၃၃၀၀ အကြား ရောင်းချမည်ဆိုသည့် TMH တယ်လီကွန်းရှယ်ယာ၏ ကနဦးရှယ်ယာဈေးနှုန်းကို တစ်စု ကျပ် ၃၀၀၀ သတ်မှတ်
Published 24 December 2017

ဒီဇင်ဘာ ၁၃ ရက်ကပြုလုပ်သော TMH ၏ အစုရှယ်ယာ ကမ်းလှမ်းခြင်းဆိုင်ရာကုမ္ပဏီမိတ်ဆက်ပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

TMH Telecom Public Co.,Ltd ၏ အစုရှယ်ယာအသစ်များအား ကျပ် ၃၀၀၀ မှ ကျပ် ၃၃၀၀ ကြားနှုန်းထားဖြင့် ဒီဇင်ဘာ ၁၅ ရက်မှ ၂၂ ရက်အတွင်း အများပြည်သူသို့ ကမ်းလှမ်းရောင်းချပြီး Book Building ပြုလုပ်ခဲ့ပြီးနောက် ကနဦး အစုရှယ်ယာဈေးနှုန်းကို ရှယ်ယာတစ်စု ကျပ် ၃၀၀၀ နှုန်း သတ်မှတ်လိုက်ပြီးဖြစ်ကြောင်း MSEC (Myanmar Securities Exchange Centre Co., Ltd) က အသိပေးကြေညာချက် ထုတ်ပြန်သည်။

အလားအလာကောင်းမွန်သော တယ်လီကွန်း Sector တွင် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် TMH Telecom ၏ အစုရှယ်ယာအသစ်များကို တစ်စောင်လျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် MSEC တွင် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ အဝယ် အမှာလွှာများ တင်သွင်းဝယ်ယူနိုင်မည်ဖြစ်ပြီး ယခုကာလအတွင်း ဝယ်ယူသူများအနေဖြင့် Securities Company သို့ ကော်မရှင်ခ ပေးသွင်းရန်မလိုအပ်ဘဲ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း MSEC က ထုတ်ပြန်သည်။

အစုရှယ်ယာ ဝယ်ယူလိုသူများအနေဖြင့် Securities Acoount ဖွင့်လှစ်ထားသူများသာ ဝယ်ယူရရှိနိုင်မည်ဖြစ်၍ Securities Account မရှိသေးသူများအနေဖြင့် MSEC ရုံးခန်းသို့ ဘဏ်စာအုပ်နှင့် မှတ်ပုံတင် ကတ်ပြားယူဆောင်လာ၍ ကနဦးတွင် Securities Account ဖွင့်လှစ်ရန်လိုအပ်မည်ဖြစ်ပြီး Securities Account ဖွင့်လှစ်ပြီးပါက မိမိတို့ဝယ်ယူလိုသော အစုရှယ်ယာအရေအတွက်နှင့်ညီမျှသော ငွေပမာဏကို နီးစပ်ရာဘဏ်မှတစ်ဆင့် MSEC ၏ ဘဏ်စာရင်းများသို့ပေးသွင်းပြီး TMH Telecom ၏ အစုရှယ်ယာလျှောက်လွှာပုံစံများအား ဖြည့်စွက်ကာ အဝယ်အမှာလွှာများ တင်သွင်းနိုင်မည် ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းတင်ရောင်းချသည့် အများပိုင်ကုမ္ပဏီများမှာ ကြမ်းခင်းဈေးအောက် ဈေးနှုန်းကျဆင်း မှုရှိနေချိန်တင် အစုရှယ်ယာတစ်စု၏ Book Value မှာ ကျပ် ၁၀၀၀ သာရှိနေသော်လည်း TMH Telecom ရှယ်ယာတစ်စုလျင် ကျပ် ၃၀၀၀ နှင့် ၃၃၀၀ အကြားဖြင့် အများပြည်သူသို့ ကနဦးကမ်းလှမ်းရောင်းချရန် ပြင်ဆင်ခြင်းမှာ ဖြစ်နိုင်၊ မဖြစ်နိုင် မေးမြန်းရာတွင် ထိုဈေးနှုန်းဖြင့် ရောင်းချရန်စီစဉ်မှုအပေါ် မဖြစ်နိုင်ကြောင်း မေးခွန်းထုတ်မှုများ ရှိနေသော်လည်း TMH Telecom ၏ လုပ်ငန်းများအရ ရှယ်ယာတစ်စု ကျပ် ၅၃၀၀ အထိ ပင် တန်ဖိုးမြင့်တက်လာနိုင်သည်ဟု ယင်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးသီဟလွင်က ပြောကြားထားသည်။

“သီလဝါရှယ်ယာတောင် တစ်စုမှ ကျပ် ၃၀၀၀ လောက်ပဲရှိတယ်။ TMH Telecom ရှယ်ယာရဲ့ မူရင်းတန်ဖိုးက ၉၅၂ ကျပ်ပဲဆိုတော့ ၁၀၀၀ နဲ့ ဝယ်ရရင်တောင် ရှယ်ယာတစ်စုကို ၄၈ ကျပ်ရှုံးဦးမယ်” ဟု TMH Telecom ၏ အစုရှယ်ယာများ ဈေးနှုန်း သတ်မှတ်ချက်အပေါ် စတော့အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ဝေဖန်သည်။

TMH Telecom Public Co.,Ltd ၏ ရှယ်ယာများကို အများပြည်သူသို့ ကနဦး အစုရှယ်ယာများ ကမ်းလှမ်းရောင်းချနိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် (SECM) သို့ အလားအလာညွှန်းတမ်းတင်ပြရာ ကော်မရှင်မှ ကနဦး အတည်ပြုချက် ရရှိပြီဖြစ်ပြီး ရှယ်ယာတစ်စု ကျပ် ၃၃၀၀ ဝန်းကျင်ဖြင့် ရောင်းချမည်ဖြစ်ကာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီဖြစ်လာမည်ဖြစ် ကြောင်း TMH Telecom ၏ အသိပေးချက် နှင့် အလားအလာညွှန်းတမ်းတွင် ဖော်ပြထားမှုအရ သိရသည်။

TMH Telecom တွင် ယခုနှစ် ဇွန် ၂၃ ရက်အထိ အစုရှယ်ယာပေါင်း ၁၁ ဒသမ ၅ သန်းကျော်ရှိနေသော်လည်း အများပြည်သူသို့ ကနဦး အစုရှယ်ယာ ကမ်းလှမ်းရောင်းချရာတွင် အစုရှယ်ယာ ငါးသိန်းခန့်ကို ရောင်းချသွားမည်ဖြစ်ပြီး ထိုသို့ရောင်းချမှုမှ ကျပ် ၁ ဒသမ ၆ ဘီလျံခန့်ရရှိရန် မျှော်မှန်းထားကာ စတော့အိတ်ချိန်း စာရင်းဝင်ရှယ်ယာအဖြစ်မူ ရှယ်ယာ ၁၁ ဒသမ ၂ သန်းခန့်ရှိလာနိုင်မည်ဖြစ်သည်။