<

ဝိုင်းမော်မြို့နယ်အတွင်း မလော်လယ်ကွင်းတွင် လီဆူတိုင်းရင်းသားလေးဦးအား ကေအိုင်အေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ ပြောကြား

ဝိုင်းမော်မြို့နယ်အတွင်း မလော်လယ်ကွင်းတွင် လီဆူတိုင်းရင်းသားလေးဦးအား ကေအိုင်အေအဖွဲ့က ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောကြားသည်။

ယင်းကိစ္စကို ကူညီဖြေရှင်းရန် ကြိုးစားနေသည့် တာလောကြီးကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးက “ဖမ်းသွားတာ လေးဦးပေါ့။ ရွှေညောင်ပင်နဲ့ တာလောကြီးကျေးရွာကြား မလော်ကြိုးဝိုင်းမှာပေါ့။ မလခမီး အသက် (၁၅ နှစ်)၊ မောင်တုံငွား (၁၈ နှစ်)၊ မောင်လဆား (၁၈ နှစ်)၊ မောင်ဗျာကားတဲ့ အားလုံးကို ဖမ်းသွားတယ်။ အရပ်ဝတ်နဲ့ လက်နက်ပါတယ်။ ကေအိုင်အေလို့ပြောတယ်။ ရောက်တာကစောမယ်။ ခေါ်သွားတာ ည ၇ နာရီ လောက်လို့ အကြောင်းကြားလာတယ်။ အင် ဗွေယန် (တဘတ်ချောင်းအထက်) ကို တက်သွားတယ်လို့ပြောတယ်။ ဘယ်သူ့ကို ပြောရမှန်းမသိတော့ ဘာမှမလုပ်ရသေးဘူလေ” ဟု ပြောကြားသည်။

လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးဆီဖာလာလူးက “ဖမ်းသွားတာက ဟုတ်ပါတယ်။ ကေအိုင်အေ အဖွဲ့ကလို့ သိရတယ်။ ဒီဇင်ဘာ ၂၀ ရက်မှာ အစောကြီး ပါတီကိုအကြောင်းကြားလာတယ်။ လူငယ်တွေ လေးယောက်ပါ။ အောင်မြေ (၁) ကျေးရွာက နှစ်ယောက်။ ၀ိုင်းမော်သာဂရက တစ်ယောက်။ လယ်ကုန်းက ကလေးမတစ်ယောက် ပါသွားတယ်လို့ သိရတယ်။ တက်လမ်းရှိတဲ့ လူငယ်တွေကို ဒီလို အဓမ္မလုပ်တာတွေကတော့ မဖြစ်စေချင်တော့ဘူး။ ငြိမ်းချမ်းသင့်ပါပြီ။ ကျွန်တော်တို့လည်း ခရီးလွန်နေကြလို့ ပြန်ပြီး အဲဒီကိစ္စဆောင်ရွက်ဖို့လုပ်နေကြပါတယ်” ဟု ပြောကြားသည်။

မြစ်ကြီးနားမြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်များတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက ကေအိုင်အေအဖွဲ့က စုဆောင်းရေး ခေါ်ဆောင်မှုများရှိခဲ့ပြီး အချို့ပြန်လွှတ်ပေးခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ၀ိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့များတွင်လည်း တရားမ၀င် ငွေကြေးများ ကောက်ခံခဲ့ကြောင်း၊ တရားမ၀င် ငွေကြေးကောက်ခံသူကိုလည်း ဖမ်းမိခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ မှတ်တမ်းများအရ သိရသည်။

December 21, 2017














Copy Protected by Chetan's WP-Copyprotect.