ဆဋ္ဌမအကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားကို ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် ပြုလုပ်မည်ဖြစ်ပြီး မွန်နိုင်ငံရေးပါတီများအား ဖိတ်ကြားမည်မဟုတ်

ဆဋ္ဌမအကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားကို ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် ပြုလုပ်မည်ဖြစ်ပြီး မွန်နိုင်ငံရေးပါတီများအား ဖိတ်ကြားမည်မဟုတ်
Published 21 December 2017

ဆဋ္ဌမအကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားကို မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ၌ ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး မွန်နိုင်ငံရေးပါတီများအား ဖိတ်ကြားမည်မဟုတ်ကြောင်း မွန်လူငယ်ဆုံရပ် (MYF) အထွေထွေအတွင်းရေးမှူး မင်းဇာနည်ဦးက ပြောကြားသည်။

“မွန်လူငယ်များနေ့ကို တက်ရောက်ကြဖို့ ပြည်တွင်းမှာရှိနေတဲ့ မွန်လူငယ်တွေအပြင် ထိုင်းနိုင်ငံရောက် မွန်လူငယ်တွေကိုလည်းဖိတ်ကြားထားပါတယ်။ ဒါပေမဲ့ မွန်နိုင်ငံရေးပါတီတွေကိုတော့ ဖိတ်ကြားဖို့ အစီအစဉ်မရှိပါဘူး။ အထူးသဖြင့် မွန်တွေမှာ နှစ်ပါတီ၊ သုံးပါတီဖြစ်နေတယ်။ အဓိက မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တွေကို မဖိတ်ပါဘူး” ဟု မင်းဇာနည်ဦးက ပြောကြားသည်။

နိုင်ငံအနှံ့ ရောက်ရှိနေကြသည့် မွန်လူငယ်များ အခင်အမင် ရင်းနှီးလာစေရေး၊ တစ်နေရာနှင့် တစ်နေရာ လွယ်ကူစွာဆက်သွယ် သွားလာနိုင်စေရန်၊ တစ်နှစ်တစ်ကြိမ် မွန်လူငယ်များ ဆုံရပ်အဖြစ် မွန်လူငယ်များနေ့ကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ဆဋ္ဌမအကြိမ် မွန်လူငယ်များနေ့ကျင်းပရေးကော်မတီထံမှ သိရသည်။

မွန်လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် ညပိုင်းမှ ၂၈ ရက် ညပိုင်းအထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၂၇ ရက် ညပိုင်းတွင် လူငယ်များ၏ စကားရည်လုပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ ဉာဏ်စမ်းပဟေဠိအစီအစဉ်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးပြဇာတ်၊ ရိုးရာအကအလှများ၊ တေးဂီတအစီအစဉ်များ ထည့်သွင်းကျင်းပသွားမည့်အပြင် ဘီလူးကျွန်းသမိုင်းပြခန်း၊  မူးယစ်ဆေးဝါး အသိပညာပေးပြခန်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုပြခန်း၊ ဒေသထွက်ကုန်ပြခန်း၊ စက်မှုလက်မှုလုပ်ငန်းပြခန်းများ အပြင် လူငယ်များသိရှိမေးမြန်းလိုသည်များ ကို ပြန်လည်ဖြေကြားပေးနိုင်ရန်လည်း စီစဉ်ထားကြောင်း၊ ဒီဇင်ဘာ ၂၈ ရက် နံနက် မွန်လူငယ်များနေ့အခမ်းအနားတွင် မွန်လူငယ်များက အခမ်းအနားသို့ ဘင်ခရာတပ်ဖွဲ့များဖြင့် ဂုဏ်ပြုချီတက်ကြမည်ဖြစ်ကြောင်း၊ အခမ်းအနားတွင် ထူးခြားမှုအနေဖြင့် ဘီလူးကျွန်းသမိုင်းနှင့် ဒဏ္ဍာရီပုံပြင်ဖြစ်သည့် လင်းယုန် လူသားပုံပြင်ကို ခမ်းနားထည်ဝါစွာ ပုံဖော်ထားသည့် အစီအစဉ်များလည်း ပါဝင်ပြသသွားမည်ဖြစ်ကြောင်း မွန်လူငယ်များနေ့ ကျင်းပရေးကော်မတီထံမှ သိရသည်။

မွန်လူငယ်များနေ့အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာတွင် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ မော့ကနင်း ကျေးရွာတွင် လည်းကောင်း၊ တတိယအကြိမ်အဖြစ် မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာတွင်လည်းကောင်း၊ စတုတ္ထအကြိမ်အဖြစ် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာတွင်လည်းကောင်း၊ ပဉ္စမအကြိမ်အဖြစ် သံဖြူ ဇရပ်မြို့နယ်၊ ဝါခရူကျေးရွာတွင်လည်း ကောင်း ကျင်းပခဲ့သည်။

မွန်ပြည်သူများ၏ ဆန္ဒသဘောထားများ အပေါ်မူတည်ပြီး မွန်ပြည်သူများအကျိုးသယ်ပိုးနိုင်မည့် အင်အားကောင်း၍ ကိုယ်စားပြုမှုရှိသော မွန်နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွက်လာစေရေး ဆွေးနွေးအဖြေရှာရန် ရည်ရွယ်ကာ ရှိရင်းနိုင်ငံရေးပါတီများအပါအဝင် မွန်လူထုအလွှာအသီးသီးမှ စုံညီစွာပါဝင်မည့် မွန်ပြည်သူ့ညီလာခံတစ်ရပ်ကို မွန်ညီညွတ်ရေးအဖွဲ့က ကမကထပြုပြီး မွန်ပြည်သူများ၏အားဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်များတွင် မော်လမြိုင်မြို့ရှိ သာသနာ (၂၅၀၀) ဓမ္မာရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ယင်းမွန်ညီညွတ်ရေးအဖွဲ့က ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

မွန်တိုင်းရင်းသားနိုင်ငံရေးပါတီဖြစ်သည့် မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ကိုပူးပေါင်းရန် မွန်ဒီမိုကရေစီပါတီအား မွန်အမျိုးသားပါတီအဖြစ် ၂၀၁၄ ခုနှစ်တွင် အမည်ပြောင်းလဲကာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ပါတီ ပူးပေါင်းလိုသူများက မွန်အမျိုးသားပါတီသို့ ပါဝင်ခဲ့ကြသည်။

သို့ရာတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ပါတီပူးပေါင်းခြင်း မပြုလိုသူများက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား ဖျက်သိမ်းခြင်းမရှိဘဲ ပါတီအား ဆက်လက်ရပ်တည်ခဲ့သဖြင့် လက်ရှိတွင်လည်း မွန်တိုင်းရင်း သားနိုင်ငံရေးပါတီမှာ နှစ်ပါတီအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပြီး ပါတီပေါင်းစည်းရေးမှာလည်း ဆွေးနွေးနေဆဲဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ဒီဇင်ဘာ ၅ ရက်က မော်လမြိုင်မြို့တွင် ဒုတိယအကြိမ်မြောက် အလွတ်သဘောတွေ့ဆုံခဲ့ကြပြီး သဘောတူညီချက်အချို့ရရှိခဲ့ကြောင်း နှစ်ဖက်ပါတီကိုယ်စားလှယ်များက ပြောကြားသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၃၄ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော်သုံးနေရာ၊ အမျိုးသား လွှတ်တော် လေးနေရာနှင့် ပြည်နယ်လွှတ်တော် ကိုးနေရာရရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒ နယ် ၃၅ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မွန်ပြည်နယ်တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်နေရာသာ အနိုင်ရရှိခဲ့သည်။

မွန်အမျိုးသားပါတီအနေဖြင့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိဘဲ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၅၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား လွှတ်တော် တစ်နေရာနှင့် ပြည်နယ်လွှတ်တော် နှစ်နေရာသာ အနိုင်ရရှိခဲ့သည်။