ရန်ကုန်မြို့အတွက် ရေးဆွဲနေသည့် Master Plan ကို JICA၊ DICA နှင့် ပြန်လည်သုံးသပ်ကာ အဆင့်တစ်ဆင့်သို့ ရောက်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မြေပြင်အကောင်အထည်ဖော်ရမည့် အချိန်ကာလဖြစ်ဟုဆို

ရန်ကုန်မြို့အတွက် ရေးဆွဲနေသည့် Master Plan ကို JICA၊ DICA နှင့် ပြန်လည်သုံးသပ်ကာ အဆင့်တစ်ဆင့်သို့ ရောက်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မြေပြင်အကောင်အထည်ဖော်ရမည့် အချိန်ကာလဖြစ်ဟုဆို
Published 18 December 2017

ရန်ကုန်မြို့အတွက် ရေးဆွဲနေသည့် Master Plan ကို JICA (ဂျပန်နိုင်ငံ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ)၊ DICA (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန) နှင့် ပြန်လည်သုံးသပ်ခဲ့ကာ အဆင့်တစ်ဆင့်သို့ ရောက်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မြေပြင်အကောင်အထည်ဖော်ရမည့် အချိန်ကာလဖြစ်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ရန်ကုန်ကို ဘယ်လိုပြုပြင်မလဲ။ ရန်ကုန်မြို့ဟာ ရှေးဟောင်းအမွေအနှစ်တွေနဲ့ စိမ်းလန်းပြီး နေချင်စဖွယ် စီးပွားရေးမြို့တော်ဖြစ်အောင် ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။ ဒီအတွက် JICA၊ DICA နဲ့ ကျွန်တော်တို့ ရေးဆွဲနေတဲ့ Master Plan ကြီးကို Review ပြန်လုပ်ခဲ့ပါတယ်။ ဒီဆောင်ရွက်မှုတွေအားလုံးဟာ အဆင့်တစ်ဆင့်ကိုတော့ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ မြေပြင်မှာ အကောင်အထည်ဖော်ရမယ့် အချိန်ကာလတစ်ခုဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဒီဇင်ဘာ ၁၇ ရက်က ရန်ကုန်မြို့  UMFCCI ခန်းမတွင်ပြုလုပ်သည့် Challenges for Business Enterprises in 2018 (Public Talk) အခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

“ရန်ကုန်နဲ့ ဒလဘက် တံတားထိုးပြီးရင် အဲဒီဘက်အခြမ်းမှာ ရန်ကုန်အထူးစီးပွားရေးဇုန်တစ်ရပ် ထူထောင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ ဒီအခြေအနေတွေကို ကျွန်တော် ဘာကြောင့် အသိပေးနေတာလဲဆိုရင် လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေ ရန်ကုန်ကိုမျှော်မှန်း စေချင်တာပါ။ ရန်ကုန်ကို လာရောက်ရင်း နှီးမြှုပ်နှံသူတွေက ရှေ့ဆက်ဘယ်လိုဆောင်ရွက်ကြရမလဲဆိုတဲ့ အခြေအနေတွေကိုလည်း သိထားနိုင်ဖို့လိုမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

“ကျွန်တော်တို့အစိုးရသစ် စတင်တာဝန်ယူခဲ့တဲ့အချိန်မှာ စက်မှုဇုန်တွေအားလုံးဟာ ကျွန်တော်တို့လက်ထဲမှာ မရှိပါဘူး။ ပိုင်ဆိုင်သူအားလုံး ရှိပါတယ်။ ကျွန်တော်တို့အခု နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေလာရင် ဘယ်နေရာမှာ လုပ်ရမလဲလို့မေးရင် ကျွန်တော်တို့မှာ ပေးစရာမရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အခု စက်မှုဇုန်အသစ်တွေ၊ အထူးစီးပွားရေးဇုန်တွေ ထူထောင်ဖို့ လုပ်နေတာပါ” ဟု ၎င်းင်းက ဆက်လက်ပြောကြားသည်။