ကုလသမဂ္ဂ ယန္တရားများအောက်တွင် လူ့အခွင့်အရေးအကြောင်းပြလျက် မြန်မာနိုင်ငံအပေါ် ထပ်ကာထပ်ကာခွဲ ခြားရွေးချယ်ဆက်ဆံခြင်းမျိုးကို မြန်မာနိုင်ငံအနေဖြင့် လက်မခံနိုင်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မြန်မာနိုင်ငံအရေးကိစ္စ ဆွေးနွေးပွဲတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် တုံ့ပြန်

ကုလသမဂ္ဂ ယန္တရားများအောက်တွင် လူ့အခွင့်အရေးအကြောင်းပြလျက် မြန်မာနိုင်ငံအပေါ် ထပ်ကာထပ်ကာခွဲ ခြားရွေးချယ်ဆက်ဆံခြင်းမျိုးကို မြန်မာနိုင်ငံအနေဖြင့် လက်မခံနိုင်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မြန်မာနိုင်ငံအရေးကိစ္စ ဆွေးနွေးပွဲတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် တုံ့ပြန်
Published 15 December 2017

ကုလသမဂ္ဂယန္တရားများအောက်၌ လူ့အခွင့်အရေးအကြောင်းပြလျက် မြန်မာနိုင်ငံအပေါ် ထပ်ကာထပ်ကာ ခွဲခြားရွေးချယ် ဆက်ဆံခြင်းမျိုးကို မြန်မာနိုင်ငံအနေဖြင့် လက်မခံနိုင်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မြန်မာနိုင်ငံအရေး ကိစ္စဆွေးနွေးပွဲတွင် မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက တုံ့ပြန်ပြောကြားခဲ့ကြာင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အစည်းအဝေး၌ ရခိုင်ပြည်နယ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့်စပ်လျဉ်း၍ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက မိန့်ခွန်းပြောကြားခဲ့ပြီး အထက်ပါအချက်များကို ထည့်သွင်းပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကုလသမဂ္ဂယန္တရားများအောက်တွင် လူ့အခွင့်အရေးအကြောင်းပြလျက် မြန်မာနိုင်ငံအပေါ် ထပ်ကာထပ်ကာ ခွဲခြားရွေးချယ် ဆက်ဆံခြင်းမျိုးကို မြန်မာနိုင်ငံအနေဖြင့် လက်မခံနိုင်ပါကြောင်းကို ပြတ်သားစွာ ပြောကြားပြီးဖြစ်ကြောင်း၊ နိုင်ငံရေးဖိအားများ သက်ရောက်စေမှုနှင့် အတင်းအကျပ်ဖိအား ပေးမှုများသည် ရလဒ်ကောင်းကို ဆောင်ကြဉ်းပေးနိုင်မည်မဟုတ်ကြောင်း ဦးဟောက်ဒိုဆွမ်းက ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဆက်လက်၍  ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် ဆက်ဆံရေးကောင်းမွန်စေရန် အစဉ်ထိန်းသိမ်းလျက်ရှိပြီး နှစ်ဖက်အပြန်အလှန် နားလည်မှုနှင့် လေးစားမှုတို့ကိုအခြေခံ၍ ထိတွေ့ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လမ်းကြောင်းကိုသာ အစဉ်ရွေးချယ်ကြောင်း၊ ယနေ့မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော ရှုပ်ထွေးသည့် စိန်ခေါ်မှုများကို နားလည်ကြောင်းပြသပေးခဲ့သည့် လုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံများကို ကျေးဇူးတင်ရှိကြောင်း၊ အပြန်အလှန်နားလည်မှုရှိခြင်းနှင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ ရလဒ်ကောင်းများကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ဦးဟောက်ဒိုဆွမ်းက ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လူသားချင်းစာနာမှု အကူအညီပေးရေးနှင့်ပတ်သက်၍ အစိုးရအနေဖြင့် Red Cross Movement နှင့် ASEAN Coordinating Centre for Humanitarian Assistance on Disaster Management (AHA Centre) တို့နှင့် ပူးပေါင်းလျက် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်ဒေသရှိ အသိုက်အဝန်းအားလုံးကို လိုအပ်သောအကူအညီများ ပေးအပ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ နှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီအစဉ်အား မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ၂၃-၁၁-၂၀၁၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် အချိန်ကာလများအတွင်း နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံမည့်လုပ်ငန်း စတင်နိုင်ရေးအတွက် Joint Working Group ဖွဲ့ စည်းရန် Terms of Reference (TOR) ကို နှစ်ဖက်ညှိနှိုင်းလျက်ရှိကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက ဆိုသည်။

လက်ရှိတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များနှင့် မောင်တောဒေသ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်နိုင်ရန်အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီနှင့် ကော်မတီ၏ အကြံပေးဘုတ်အဖွဲ့တို့ကို ဖွဲ့စည်းထားသည်။