၁၉၈၃ သန်းခေါင်စာရင်းနှင့် နှိုင်းယှဉ်ပါက လူငယ်စာတတ်မြောက်မှုနှုန်း မြင့်မားလာသော်လည်း ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တွင် လူငယ်စာတတ်မြောက်မှုနှုန်း နည်းနေ

၁၉၈၃ သန်းခေါင်စာရင်းနှင့် နှိုင်းယှဉ်ပါက လူငယ်စာတတ်မြောက်မှုနှုန်း မြင့်မားလာသော်လည်း ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တွင် လူငယ်စာတတ်မြောက်မှုနှုန်း နည်းနေ
Published 15 December 2017

၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းနှင့် နှိုင်းယှဉ်ပါက လူငယ်စာတတ်မြောက်မှုနှုန်း မြင့်မားလာသော်လည်း ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တွင် လူငယ်စာတတ်မြောက်မှုနှုန်း နည်းပါးနေသေးကြောင်း ဒီဇင်ဘာ ၁၄ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန် ဗင်းရှင်းစင်တာ-၂ (MICC-2) တွင်း ကျင်းပသည့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်မှာတော့ လူငယ်စာတတ်မြောက်မှုနှုန်း နည်းပါးနေဆဲဖြစ်တာကို တွေ့ရပါတယ်။ လူငယ်ငါးသိန်းခန့်ဟာ လုံးဝစာမရေးတတ်၊ မဖတ်တတ်တာကို တွေ့ရပါတယ်။ စာတတ်မြောက်မှုနှုန်းနိမ့်တဲ့ တိုင်းဒေသကြီး ပြည်နယ်တွေမှာ မသင်မနေရ မူလတန်းစနစ်ကို အပြည့်အ၀ အကောင်အထည်ဖော်နိုင်မယ် ဆိုရင်တော့ လူငယ်စာတတ်မြောက်မှုနှုန်းကို လျော့နိုင်မှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ကျောင်းတက်ရောက်မှုနှုန်းတွင် မူလတန်းအရွယ်ကလေး ခြောက်ဦးတွင် တစ်ဦးမှာ ကျောင်းနေခြင်းမရှိဘဲ အသက်ခုနစ်နှစ်မှ ၁၁ နှစ်ကြားကလေး ရှစ်သိန်းခန့်သည် မူလတန်းပညာ သင်ကြားနိုင်ခြင်းမရှိကြောင်း ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုရလဒ်များမှ ဖော်ထုတ်ရရှိခဲ့သည့် မူဝါဒဆိုင်ရာ ဖော်ထုတ်ချက်အရ သိရသည်။

ထို့ပြင် အသက် ၂၅ နှစ်မှ ၂၉ နှစ်အတွင်းရှိ လူငယ်သုံးပုံတစ်ပုံခန့်သည် ကျောင်းလုံးဝနေဖူးခြင်းမရှိခြင်းကို ဖော်ထုတ်ရရှိပြီး အဆိုပါ လူငယ်များအတွက် နည်းပညာသင်တန်းကျောင်းများ၊ လက်မှုပညာသင်ကျောင်းများ ဖွင့်လှစ်ပေးရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဆိုသည်။

၎င်းက “ကျောင်းတက်နှုန်းဟာ အသက် ၁၁ နှစ်အရွယ်မှာ သိသာစွာ လျော့ကျလာတာကို တွေ့ရပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ကျောင်းထွက်နှုန်း ပိုမိုမြင့်မားပါတယ်။ သန်းခေါင်စာရင်းက ရလာတဲ့ အချက်တွေဟာ ရပ်ကွက်ကျေးရွာအုပ်စု အဆင့်ထိ ရရှိနိုင်တာမို့ အခြေအနေ အဆိုးဆုံးဒေသတွေကို ဖော်ထုတ်ပြီး ငွေကြေး အထောက်အပံ့ပေးခြင်း၊ လယ်ယာစိုက်ပျိုးချိန်များတွင် ကျောင်းတက်ချိန် အပြောင်းအလဲ လုပ်ပေးခြင်း၊ လျှော့ချပေးခြင်း စတာတွေကို ပြုလုပ်နိုင်ကြောင်း ပြောလိုပါတယ်” ဟု ပြောကြားသည်။

တက္ကသိုလ်ပညာအဆင့်တွင် အမျိုးသမီးဘွဲ့ရ ရာခိုင်နှုန်းသည် အမျိုးသားများထက် သိသာစွာ မြင့်မားနေပြီး အမျိုးသားများ အဆင့်မြင့်ပညာရေး မတက်ရောက်သည့် အကြောင်းရင်းကို ရှာဖွေပေးရန် လိုအပ်သလို အမျိုးသမီးများအား ပညာအရည်အချင်းနှင့် လိုက်လျောညီထွေမှုရှိသည့် အလုပ်အကိုင် ရရှိရန် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။