အစိုးရအကူးအပြောင်းကာလတွင် လူပုဂ္ဂိုလ်အမည်များဖြင့် ချပေးခဲ့သော မန္တလေးမြို့ရှိ အများပြည်သူနှင့်သက်ဆိုင်သည့် မြေကွက် ၁၃၅ ကွက်ကို ဂရန်ပယ်ဖျက်ပြီး ပြန်လည်သိမ်းယူကြောင်း တိုင်းဒေသကြီးလွှတ်တော်၌ အတည်ပြု

အစိုးရအကူးအပြောင်းကာလတွင် လူပုဂ္ဂိုလ်အမည်များဖြင့် ချပေးခဲ့သော မန္တလေးမြို့ရှိ အများပြည်သူနှင့်သက်ဆိုင်သည့် မြေကွက် ၁၃၅ ကွက်ကို ဂရန်ပယ်ဖျက်ပြီး ပြန်လည်သိမ်းယူကြောင်း တိုင်းဒေသကြီးလွှတ်တော်၌ အတည်ပြု
Published 13 December 2017

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆောင်ရွက်ထားမှု အစီရင်ခံစာကို ဝန်ကြီးချုပ်က ဖတ်ကြားတင်သွင်းနေစဉ်

အစိုးရအကူးအပြောင်းကာလအတွင်း လူပုဂ္ဂိုလ်အမည်များဖြင့် ချထားပေးခဲ့သည့် မန္တလေးမြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သည့် မြေကွက် ၁၃၅ ကွက်ကို ဂရန်ပယ်ဖျက်ပြီး ပြန်လည်သိမ်းယူကြောင်း လွှတ်တော်တွင် ဒီဇင်ဘာ ၁၂ ရက်က အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်၏ (၁/၂၀၁၆) က ပြုလုပ်ခဲ့သည့် အထူးအစည်းအဝေးတွင် အတည်ပြုခဲ့သော “အစိုးရအကူးအပြောင်းကာလများတွင် အများပြည်သူနှင့် သက်ဆိုင်သည့် ဧကကျယ်မြေကွက်များ၊ ပလပ်မြေများအား လူပုဂ္ဂိုလ်အမည်များဖြင့် ချထားပေးမှုများကို ပြန်လည်စိစစ်ပြီး အများပြည်သူအကျိုးအတွက် စနစ်တကျစီမံခန့်ခွဲနိုင်ရေး တိုက်တွန်းကြောင်း” အဆိုနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆောင်ရွက်ထားမှုအစီရင်ခံစာကို ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဖတ်ကြားတင်သွင်းခဲ့သည်။

“စပ်ကူးမပ်ကူးကာလတွင် အများပြည်သူနှင့် သက်ဆိုင်သောမြေများအဖြစ် လျာထားသက်မှတ်ခဲ့သည့် မြေများကို လူပုဂ္ဂိုလ်အမည်များဖြင့် အလွန်လျင်မြန်စွာ ချထားပေးခဲ့ပါသည်။ ငွေပေးသွင်းပေးထားသည့် မြေငှားဂရန် လျှောက်ထားခြင်းများသည်လည်း လိုအပ်သောဥပဒေ နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ကြောင်း တွေ့ရှိသုံးသပ်ရကြောင်း၊ ၂၉.၃.၂၀၁၆ မြေငှားဂရန်တွဲ ၂၂၈ တွဲကို ကော်မတီအစည်းအဝေးသို့ တစ်စောင်ချင်း တင်ပြထားခြင်းမရှိကြောင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင်များက ထွက်ဆိုထားခဲ့ကြပါတယ်။ ခွင့်ပြုချထားပေးခဲ့သော မြေငှားဂရန်အမှုတွဲများနှင့် အမှုတွဲ ၁၂၄ တွဲသာ အခြားနည်းသုံးစွဲခွင့် ခွင့်ပြုမှုရရှိခဲ့ပြီး အမှုတွဲ ၁၀၄ တွဲမှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

စည်ပင်ဌာန ၁၄ ခုရှိ ဝင်စာများအားလုံးကို ဝင်စာမှတ်ပုံတင်ရသော်လည်း အဆိုပါမြေငှားဂရန် အမှုတွဲ ၂၂၈ တွဲအား ဝင်စာမှတ်ပုံတင်ထားမှုမရှိခြင်း၊ ရုံးတံဆိပ်မပါရှိခြင်း၊ ရုံးအဖွဲ့မှူး၏ လက်မှတ်မပါရှိခြင်းများ တွေ့ရှိရသည်။ အများပြည်သူနှင့် သက်ဆိုင်သည့်မြေများ၊ အစိုးရကစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေများကို အကူးအပြောင်းကာလတွင် လူပုဂ္ဂိုလ်အမည်ဖြင့် မြေဂရန်ချထားပေးမှုများသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလကထုတ်ပြန်ခဲ့သည့် အမျိုးသားမြေအသုံးချမှု မူဝါဒပါအချက်များနှင့် ကိုက်ညီမှုမရှိခြင်း စသည့်အချက်များ တွေ့ရှိခဲ့ရကြောင်း၊ ၂၉-၃-၂၀၁၆ တစ်ရက်တည်း အပြီးချထားပေးခဲ့ခြင်းတို့သည် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် ညီညွတ်မှုမရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အစိုးရအကူးအပြောင်းကာလအတွင်း လူပုဂ္ဂိုလ်အမည်များဖြင့် ချထားပေးခဲ့သည့် မန္တလေးမြို့ရှိ အများပြည်သူနှင့်သက်ဆိုင်သည့် မြေကွက် ၁၃၅ ကွက်၏ မြေနေရာချထားပေးခဲ့သော မြေပေးမိန့်၊ မြေငှားဂရန်များကို ပယ်ဖျက်ကြောင်းနှင့် ပြန်လည်သိမ်းယူမည်ဖြစ်ပါကြောင်း အတည်ပြုပြီးဖြစ်ပါ၍ လွှတ်တော်မှ မှတ်တမ်းတင်အတည်ပြုပေးပါရန် အကြောင်းကြားတင်ပြအပ်သည်” ဟူ၍ တင်သွင်းဖတ်ကြားခဲ့သည်။

ပြန်လည်သိမ်းယူမည့် မြေကွက်များနှင့် ပတ်သက်ပြီး အဆိုတင်သွင်းခဲ့သည့် ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးမြင့်အောင်မိုးက “အကူးအပြောင်းကာလမှာချထားပေးတဲ့ မြေကွက်အမှုတွဲပေါင်းက ၂၀၀ ကျော်ပါတယ်။ ကျွန်တော်တို့ ပြန်လည်သိမ်းယူနိုင်ခဲ့တာ ၁၃၅ ကွက်ပါ။ ကျန်တာတွေက လယ်ယာမြေချထားပေးမှုတွေဖြစ်ပြီး လုပ်ထုံးလုပ်နည်းနဲ့ညီတဲ့အတွက် ပြန်လည်မသိမ်းယူနိုင်ပါဘူး။ အခုသိမ်းတဲ့မြေကွက်တွေဟာ မန္တလေးမြို့ Down Town က မြေကွက်တွေ အကုန်နီးပါးပါဝင်ပါတယ်။ အဆိုတင်သွင်းပြီး အစိုးရအဖွဲ့ရဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးမှုကို ဒီနေ့အပြီးပဲ ဝန်ကြီးချုပ်က တင်ပြအစီရင်ခံသွားတာပါ” ဟုပြောကြားသည်။

ပြန်လည်သိမ်းယူမည့် မြေကွက်များမှာ ချမ်းအေးသာစံမြို့နယ်တွင် တစ်ကွက်၊ ချမ်းမြသာစည်မြို့နယ်တွင် အကွက် ၄၀၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၈၅ ကွက်နှင့် အမရပူရမြို့နယ်တွင် ကိုးကွက် စုစုပေါင်း ၁၃၅ ကွက်ဖြစ်ပြီး အမှုတွဲပါမြေတစ်ကွက်လျှင် အများဆုံး ၆ ဒသမ ၆ ဧကနှင့် အနည်းဆုံး ၀ ဒသမ ၄ ဧကအထိကျယ်ဝန်းကာ အဆိုပါမြေကွက်ချထားပေးမှုအတွက် တစ်ကွက်လျှင် ကျပ် ၉၆ သိန်းသာ စည်ပင်သာယာသို့ပေးသွင်းရကာ တစ်ကွက်လျှင် ကာလပေါက်ဈေး ကျပ်သိန်းကိုးထောင်ကျော်ခန့် တန်ဖိုးရှိကြောင်း သိရသည်။

Most Read

Most Recent